26.8 C
Yangon

လွိုင်ကော်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းများကို လူမှုကွန်ရက်တွင် မျှဝေထားသည့် လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၂၀

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဆုတောင်းသတင်းများကို လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသည်ဟုဆိုကာ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိတ်ဆွေများထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့တွင် လွိုင်ကော်မြို့အထွက် စစ်တပ်စစ်ဆေးရေးဂိတ်တွင် လူငယ် ၂ ဦး၏ မိုဘိုင်းဖုန်းများကို စစ်ဆေးရာမှ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းသတင်းများကို မျှဝေထားသည်ကို တွေ့ရှိခဲ့သဖြင့် စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

ဖမ်းဆီးခံရသူများမှာ လွိုင်ကော်မြို့တွင် နေထိုင်သည့် တက္ကသိုလ်ကျောင်းသားအရွယ် လူငယ်များဖြစ်ပြီး လက်ရှိတွင် လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အတွင်း ထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောသည်။

“စစ်ဆေးရေးဂိတ်မှာ ဖုန်းတွေကို အဓိကယူစစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းထားတဲ့ ပို့စ်တွေကို Share လုပ်ထားတာ တွေ့လို့ ဖမ်းသွားတာလို့ သိရတယ်။ ဖမ်းခံရသူတွေက တက္ကသိုလ်တက်ရမယ့်အရွယ် လူငယ်တွေပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် လွိုင်ကော်မြို့အဝင်အထွက် စစ်ဆေးရေးများ ပိုမိုတင်းကျပ်လာပြီး ဒေါနိုးကူးတံတား၏ တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်စလုံးတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ခရီးသွားပြည်သူများအနေဖြင့် သတိထားသွားလာကြရန် သက်ဆိုင်ရာဒေသသတင်းရင်းမြစ်များက သတိပေးထားသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင်လည်း TikTok အသုံးပြုသူ အမျိုးသမီးတစ်ဦးကို လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ဗီဒီယိုတစ်ခုနှင့်ပတ်သက်၍ စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ “နွယ်နွယ်” အမည်ဖြင့် TikTok Account အသုံးပြုနေသည့် အသက် ၃၄ နှစ်အရွယ် မနွယ် (ခ) နွယ်နွယ်သည် အနီရောင်ဝတ်စုံ ဝတ်ဆင်ကာ နှင်းဆီပန်းနီ ကိုင်ဆောင်ပြီး “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းဖြင့် ဗီဒီယိုတင်ခဲ့သည့်အတွက် ဇွန်လ ၁၉ ရက်နေ့တွင် ၎င်း၏ နေအိမ်၌ စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူလူထုကို စစ်ဆေးမှုများ လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်သားများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article