ရန်ကုန်၊ ဇွန် ၂၀
မြန်မာနိုင်ငံအတွင်း စစ်အုပ်စုနှင့် ချုပ်ဆိုထားသော စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်များသည် ဥပဒေရေးရာ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတိပေးလိုက်သည်။
ဇွန်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင် NUG က မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ဆက်စပ်၍ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုနှင့် ပူးပေါင်းဆက်ဆံမှုများ၊ ရင်းနှီးမြှုပ်နှံမှုအသစ်များနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုခြင်းတို့အပေါ် သတိထားသင့်ကြောင်း NUG က သတိပေးသည်။
NUG ၏အဆိုအရ မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံစိတ်ချရမှုများသည် ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီပြီး တာဝန်ယူမှု၊ တရားဝင်မှုရှိသည့် အုပ်ချုပ်ရေးစနစ်တစ်ရပ် ပေါ်ပေါက်လာခြင်းအပေါ် မူတည်နေကြောင်း သိရှိရသည်။
ထို့ပြင် စစ်အုပ်စုက စီစဉ်နေသည့် ရွေးကောက်ပွဲမှတစ်ဆင့် တရားဝင်မှုရရှိရန် ကြိုးပမ်းနေချိန်တွင် နိုင်ငံတကာအသိုက်အဝန်းက စစ်အုပ်စုကို အလေးပေးဆက်ဆံခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည်မဟုတ်ဘဲ စစ်အုပ်စု၏ လုပ်ရပ်များကို ပိုမိုအားပေးရာရောက်နိုင်ကြောင်း NUG က သတိပေးထားသည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ လူ့အခွင့် အရေး လေးစားမှုနှင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားသည့် အခြေခံမူများအပေါ် အခြေခံဆောင်ရွက်သင့်ကြောင်းလည်း NUG က ဆက်လက်ပြောဆိုသည်။
NUG က လက်ရှိအခြေအနေအရ စစ်အုပ်စုနှင့် ချုပ်ဆိုထားသော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များမှာ ပြည်သူလူထု၏ ကိုယ်စားပြုမှု၊ အများပြည်သူဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများနှင့် လွတ်လပ်သည့် ကြီးကြပ်စောင့်ကြည့်ရေး ယန္တရားများ ကင်းမဲ့နေသဖြင့် အနာဂတ်တွင် ဥပဒေရေးရာ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အန္တရာယ်များ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးပြောကြားထားသည်။
NUG အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း၊ မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ ရေရှည်တည်ငြိမ်ရေးတို့ကို အထောက်အကူပြုမည့် ဆက်ဆံရေးများ တည်ဆောက်သွားရန် အသင့်ရှိကြောင်းလည်း NUG က ကြေညာထားသည်။




