26.8 C
Yangon

နိုင်ငံရေးမတည်ငြိမ်မှုများကို အဆုံးသတ်ရန် ပြည်သူများ၏ အတွေးအခေါ် ပြောင်းလဲရေး ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြိုးပမ်းရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်ပြော

Must read

ရန်ကုန်၊ ဇွန် ၂၀

မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေရခြင်းမှာ ပြည်သူလူထုအတွင်း မကျေနပ်ချက်များနှင့် ပြဿနာရှာဖွေလိုသည့် အတွေးအမြင်များ ရှိနေခြင်းကြောင့်ဖြစ်ပြီး ယင်းအခြေအနေကို ပြောင်းလဲနိုင်ရန်အတွက် ပြည်သူများ၏ အတွေးအခေါ်များကို ၁၀ နှစ်မှ ၁၅ နှစ်အထိ အချိန်ယူ ပြုပြင်ပြောင်းလဲရမည်ဖြစ် ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်း၌ မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ပြည်သူများ၏ “Concept” သို့မဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ မဖြစ်ပေါ်ဘဲ နိုင်ငံတိုးတက်ရေး လုပ်ငန်းများ အောင်မြင်နိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ယင်းလုပ်ငန်းစဉ်သည် တစ်နှစ်၊ နှစ်နှစ် သို့မဟုတ် ငါးနှစ်အတွင်း အကောင်အထည်ဖော်နိုင်မည့် ကိစ္စမဟုတ်ဘဲ ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူ ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပြည်သူလူထုရဲ့ Concept အတွေးအခေါ်တွေ လိုက်ပါနိုင်အောင် ဆောင်ရွက်ပေးရမယ်။ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ အများကြီးရှိတယ်။ ဒါကတော့ ၁ နှစ်၊ ၂ နှစ်နဲ့ မရဘူး။ ၄၊ ၅ နှစ်လောက်နဲ့မရဘူး။ ၁၀ နှစ်လောက် ၁၅ နှစ်လောက် ကျနော်တို့ ကြိုးစားရလိမ့်မယ်။ ဒါပေမယ့် အရေးကြီးတာက တိုင်းပြည်အ​ပေါ်မှာ ကောင်းစေချင်တဲ့ စိတ်ရှိတဲ့ နိုင်ငံသားတိုင်းရဲ့ စိတ်ဓာတ်ပဲ။ တိုင်းပြည်ကို ကောင်းအောင်လုပ်မယ်ဆိုတဲ့ နိုင်ငံသားတိုင်းနော်။ နိုင်ငံ သားတိုင်း၊ ပြည်သူလူထုအားလုံးပါတယ်။ ဟိုတစ်ကွက်၊ ဒီတစ်ကွက်၊ ဟိုလူ့ချန်ခဲ့ ဒီလူ့ချန်ခဲ့လို့မရဘူး။ သူတို့အကုန်လုံး ပါမှာ” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေရခြင်းမှာ ပြည်သူများတွင် မကျေနပ်မှုများနှင့် ခံစားချက်များ ရှိနေသရွေ့ ပြဿနာများ ဆက်လက်ရှာဖွေနေမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြဿနာရှာဖွေမှုများကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ပေါ်ပေါက်လာရကြောင်းလည်း ၎င်းက ဆိုသည်။

နိုင်ငံအတွင်း ပြဿနာများကို ဖြေရှင်းရာတွင် ဥပဒေနှင့် စည်းကမ်းများအပေါ် အခြေခံဆောင်ရွက်ရမည်ဖြစ်သော်လည်း တင်းကျပ်သော ပုံစံမျိုးမဟုတ်ဘဲ ပြည်သူများ စိတ်ကျေနပ်မှုရရှိစေရန် လိုက်လျောညီထွေ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

“တစ်ခုခု ပြဿနာ သူတို့ ခံစားချက်ရှိနေလို့ရှိရင် သူတို့က ပြဿနာရှာနေမှာပဲ။ ပြဿနာရှာလို့ နိုင်ငံရေး မတည်မငြိမ်မှုတွေဖြစ်နေတာ။ ပြဿနာမရှိအောင် လုပ်ဖို့ဆိုတာလည်း ဥပဒေနဲ့ စည်းကမ်းနဲ့အညီ​ပဲ လုပ်လို့ရတယ်။ လူဆိုတာတော့ မျိုးစုံဆန္ဒရှိတယ်။ မတူနိုင်ဘူး။ အဲဒီတော့ ကျနော်တို့က စည်းမျဉ်းစည်းကမ်းဥပဒေနဲ့ပဲ သွားရတော့မယ်။ ဒါကိုသွားပြောလို့ ဥပဒေနဲ့ လုပ်ရမယ်ဆိုလို့ Rigid (တင်းတင်းကျပ်ကျပ်လုပ်ဆောင်ခြင်း) ပေါ့။ ဥပဒေနဲ့ လုပ်ရမယ်ဆိုပြီး တောင့်တောင့်တင်းတင်းလုပ်ဖို့မဟုတ်ပါဘူး။ Relax(သက်တောင့်သက်သာ) ရှိရမှာပေါ့။ ဒါကို ပြည်သူတွေ စိတ်ချမ်းသာအောင် လုပ်ပေးရမယ်။ စိတ်ချမ်းသာအောင် လုပ်ပေးရမယ်။ ဒါက အဖြေပဲ ။ ပြည်သူကို စိတ်ချမ်းသာအောင် လုပ်ပေးရမယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

မင်းအောင်လှိုင်က ထိုသို့ ပြောဆိုသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ စစ်ရေးတင်းမာမှုများနှင့် နိုင်ငံရေးအကျပ် အတည်းများ ဆက်လက်ပြင်းထန်နေ​ပြီး နိုင်ငံတစ်ဝန်း လေကြောင်းဖြင့် ဗုံးကျဲ ပြည်သူများကို သတ်ဖြတ်ခြင်း၊ စစ်ကြောင်းထိုး၍ ပြည်သူ့ကျေးရွာများကို ဖျက်ဆီး မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်း ဆီး မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် စစ်တပ်က စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လျက်ရှိကြောင်း ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြကြသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article