26.6 C
Yangon

မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီရေး စီမံချက်အော်ပရာစီများအတွင်း ကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၁

မလေးရှားနိုင်ငံ၊ ပါးလစ် (Perlis) ပြည်နယ်နှင့် ထရန်ဂါနူး (Terengganu) ပြည်နယ်တို့တွင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနက ရှောင်တခင်စစ်ဆင်ရေး (Operation) များ ဆောင်ရွက်ခဲ့ရာ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ ပါးလစ်ပြည်နယ်၊ ဆင်ပန်အမ်းပတ် (Simpang Empat) နှင့် အာရောင်း (Arau) မြို့နယ်များအတွင်းရှိ ပစ္စည်းဟောင်းအရောင်းဆိုင်များ၊ အလုပ်သမားတန်းလျားများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့ကို ပါးလစ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း တရားဝင်ဗီဇာနှင့် နေထိုင်ခွင့်အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများကို မလေးရှားနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ နေထိုင်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်းတို့နှင့် ပတ်သက်သည့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့် အမှုဖွင့်အရေးယူထားပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ထရန်ဂါနူးပြည်နယ်တွင်လည်း တရားမဝင် နိုင်ငံခြားသားများ ပုန်းအောင်းနေထိုင်သည်ဟု သတင်းရရှိထားသည့် နေရာများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထရန်ဂါနူးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းစစ်ဆေးမှုများကို ဇွန်လ ၂၃ ရက်က ကီဂျယ် (Kijal) နှင့် ပါကား (Paka) မြို့များရှိ လူနေအိမ်များ၊ ပါကားစက်မှုဇုန်ရှိ အလုပ်သမားတန်းလျားများနှင့် လုပ်ငန်းခွင်များတွင် ရှောင်တခင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း နိုင်ငံခြားသား စုစုပေါင်း ၁၈ ဦးကို စစ်ဆေးခဲ့ရာ တရားဝင် ခရီးသွားလာခွင့်နှင့် နေထိုင်ခွင့်အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၈ ဦးကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် အသက် ၇ နှစ်မှ ၄၃ နှစ်အကြားရှိသူများ ပါဝင်ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၂ ဦးတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအား တရားဝင်ခရီးသွားလာခွင့်လက်မှတ်မရှိဘဲ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုများဖြင့် ဆက်လက်အရေးယူနိုင်ရန် အာဂျီးလ် (Ajil) လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article