24.9 C
Yangon

မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ပြန်လည်ပေးအပ်ရန် မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူက ဂျပန်နိုင်ငံကို တောင်းဆိုမှုအပေါ် ပယ်ချရန် HRW တိုက်တွန်း

Must read

ရန်ကုန်၊ ဇူလိုင် ၃

မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ပြန်လည်ပေးအပ်ရန် အကြမ်းဖက်မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက ဂျပန်နိုင်ငံကို တောင်းဆိုမှုအပေါ် ပယ်ချရန် Human Rights Watch (HRW) က ယနေ့ တိုက်တွန်းပြောဆိုသည်။

မြန်မာစစ်ကောင်စီက မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ပြန်လည်ပေးအပ်ရန် ဂျပန်အစိုးရကို တောင်းဆိုထားမှုအား လက်မခံဘဲ ပယ်ချသင့်ကြောင်း၊ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားပြုလုပ်နေသည့် လုပ်ရပ်များကို လျစ်လျူမရှုသင့်ကြောင်း Human Rights Watch (HRW) က ထောက်ပြပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့တွင် မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီသစ်များ ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ပြီး အကူအညီများ ဆက်လက်ရပ်ဆိုင်းထားပါက သာမန်ပြည်သူများ ထိခိုက်နစ်နာမည်ဟု ပြောဆိုခဲ့သည်။

သို့သော် HRW က အကြမ်းဖက်စစ်တပ်၏ ထိုသို့ ပြောဆိုချက်သည် စစ်ကောင်စီ၏ လုပ်ရပ်များနှင့် လုံးဝမကိုက်ညီကြောင်း ထောက်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အရပ်သားများအပေါ် တိုက်ခိုက်မှုများ အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း ဖော်ပြထားသည်။

HRW ၏ လေ့လာချက်များအရ စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံက အကူအညီပေးထားသည့် အရပ်ဘက်သုံး ရေယာဉ်များကို ရခိုင်ပြည်နယ်အတွင်း စစ်သားများနှင့် လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့ကြောင်း၊ ထို့ပြင် ဂျပန်အကူအညီဖြင့် အကောင်အထည်ဖော်ခဲ့သော ပဲခူးမြစ်ကူးတံတားစီမံကိန်းမှလည်း စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုတစ်ခု ငွေကြေးအကျိုး အမြတ် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ ပေးပို့မှုကိုလည်း စစ်ကောင်စီက အကြိမ်ကြိမ် ပိတ်ဆို့ဟန့်တားခဲ့ကြောင်း HRW က ထောက်ပြထားသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲများသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိစေရန် ရည်ရွယ်သည့် အတုအယောင်ရွေးကောက်ပွဲများသာဖြစ်ပြီး ယင်းလုပ်ငန်းစဉ်မှတစ်ဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်း HRW က ဖော်ပြထားသည်။

ဂျပန်အစိုးရသည်လည်း ယင်းရွေးကောက်ပွဲများအပေါ် “အလွန်အမင်း စိုးရိမ်မိကြောင်း” ယခင်က ထုတ် ဖော်ပြောဆိုထားပြီး ယင်းရွေးကောက်ပွဲများသည် မြန်မာပြည်သူများ၏ ဆန့်ကျင်မှုကိုသာ ပိုမိုဖြစ်ပေါ်စေပြီး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးကို ပိုမိုခက်ခဲစေမည်ဟု သတိပေးထားသည်။

HRW က စစ်ကောင်စီသည် ပြည်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေသရွေ့၊ လူ့အခွင့်အရေးများကို ဖိနှိပ်နေသရွေ့နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့မှုကို အနှောင့်အယှက်ပြုနေသရွေ့ ဂျပန်အစိုးရအနေဖြင့် ဖွံ့ဖြိုးရေးအကူအညီသစ်များ ပြန်လည်ပေးအပ်ခြင်း မပြုသင့်ကြောင်း တိုက်တွန်းထားသည်။

ယင်းအစား ဂျပန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ပူးပေါင်းကာ စစ်ကောင်စီခေါင်းဆောင်များနှင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ပိုမိုတင်းကျပ်စေရန် ဆောင်ရွက်သင့်ကြောင်း HRW က အကြံပြုထားသည်။

ထို့ပြင် စစ်ကောင်စီခေါင်းဆောင်များအနေဖြင့် မြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲမှုအပေါ် အမှန်တကယ် စိုးရိမ်ပါက အရပ်သားများအပေါ် ဥပဒေမဲ့တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အတားအဆီးမရှိ ဝင်ရောက်ပေးပို့ခွင့်ပြုရန် လိုအပ်ကြောင်း HRW က ဆက်လက်တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article