ရန်ကုန်၊ ဇူလိုင် ၃
မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူးအပါအဝင် ရဲဘော် ၅ ဦးနှင့် ပြည်သူ ၃ ဦး သေဆုံးခဲ့သည့် စီးနင်းတိုက်ခိုက်မှုကို သေချာစုံစမ်းစစ်ဆေး အရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ညွှန်ကြားထားကြောင်း ပြည်ထဲရေးဒုဝန်ကြီး ဦးကျော်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ၏ စခန်းငယ် ၂ ခုနှင့် ပလဖ ရဲဘော်များ ထိုင်နေသည့် စားသောက်ဆိုင်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ မုံရွာမြို့နယ် ပလဖတာဝန်ခံ ကိုအာကူး အပါအဝင် ရဲဘော် ၅ ဦးနှင့် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်ကို အချက်အလက်အပြည့်အစုံဖြင့် စုံစမ်းစစ်ဆေးကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် NUG အစိုးရက ညွှန်ကြားထားခြင်းဖြစ်သည်။
ဇွန်လ ၂၉ ရက်နေ့တွင် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ စခန်းငယ် ၂ ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ မြို့နယ်ပလဖတာဝန်ခံ ကိုအာကူးအပါအဝင် ရဲဘော် ၅ ဦးနှင့် အရပ် သား ၁ ဦး သေဆုံးခဲ့သည်။
ယင်းနေ့တွင်ပင် မုံရွာမြို့နယ် ပလဖ ရဲဘော်များ ထိုင်နေသည့် စားသောက်ဆိုင်တစ်ဆိုင်ကိုလည်း ထပ်မံဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ အရပ်သားပြည်သူ ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်နှစ်ခုအတွင်း စုစု ပေါင်း ရဲဘော် ၅ ဦးနှင့် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ NUG အစိုးရက စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး ဖြစ်စဉ်အမှန်ကို ဖော်ထုတ်နိုင်ရန် သက်သေအထောက်အထားများ ထပ်မံစုဆောင်းခိုင်းထားသည့်အပြင် ထိန်းသိမ်းစစ်ဆေးရန်လိုအပ်သူများကိုလည်း ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ဦးကျော်နီက ပြောသည်။
ဒုတိယဝန်ကြီး ဦးကျော်နီက ယင်းဖြစ်စဉ်ကို NUG အစိုးရခေါင်းဆောင်များ၏ လမ်းညွှန်ချက်ဖြင့် သေ ချာစိစစ်စုံစမ်းနေပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေးနှင့် ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရေးကို ဦးစားပေးလုပ်ဆောင်နေကြောင်း ပြောဆိုသည်။
အဆိုပါစီးနင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုံရွာခရိုင် အမှတ် ၂၄ တပ်ရင်းတို့က ၎င်းတို့အနေဖြင့် ဖြစ်စဉ်အသေးစိတ်ကို မသိရှိသေးကြောင်းနှင့် ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာမရှိကြောင်း သီးခြားထုတ်ပြန်ထားသည်။
ဒေသတွင်း သတင်းများအရ ယင်းစီးနင်းတိုက်ခိုက်မှုကို “5+” တပ်ရင်းဟု လူသိများသည့် မုံရွာခရိုင် တပ်ရင်း (၄)၊ တပ်ရင်း (၂၂)၊ တပ်ရင်း (၂၃)၊ တပ်ရင်း (၂၅) နှင့် တပ်ရင်း (၂၈) တို့က ဆောင်ရွက်ခဲ့သည်ဟု သိရသော်လည်း သက်ဆိုင်ရာဘက်က တရားဝင်အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီကလည်း မုံရွာမြို့နယ် ပလဖ ရဲဘော်များ စီးနင်းတိုက်ခိုက်ခံရမှုနှင့် ယင်းမာပင်ခရိုင် စစ်ရေးကွပ်ကဲမှုအစည်း အဝေးအတွင်း ယင်းမာပင်ခရိုင် တပ်ရင်း (၆) တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရမှုတို့ကဲ့သို့ တော် လှန်ရေးအင်အားစုများအချင်းချင်း ဖြစ်ပွားလာသည့် ပဋိပက္ခများကို အမှန်တရားနှင့် ဥပဒေဘောင်အတွင်း ဖြေရှင်းခြင်းမပြုဘဲ လက်နက်အင်အားဖြင့် ဖြေရှင်းနေခြင်းသည် အလွန်စိုးရိမ်ဖွယ်ကောင်းကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် တော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲလွဲမှုများနှင့် ပြဿနာများရှိလာပါက လက်နက်ကိုင်ဖြေရှင်းခြင်းမပြုဘဲ ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းများနှင့်အညီ အပြန်အလှန်လေးစားမှု၊ ဆွေးနွေးညှိနှိုင်းမှုများဖြင့် ဖြေရှင်းကြရန်နှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် ဘုံရည်မှန်းချက်ကို မထိခိုက်စေရန် တော် လှန်ရေးအင်အားစုအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက တိုက်တွန်းထားကြောင်း သိရသည်။




