ရန်ကုန်၊ ဇူလိုင် ၅
အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့သည့် အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အဓိပတိဟောင်း အလီခါမေနီ၏အသုဘအခမ်းအနားသို့ အကြမ်းဖက် မင်းအောင်လှိုင်၏ ကိုယ်စားလှယ် ဝန်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း အီရန်သတင်းဌာနများက သတင်းဖော်ပြသည်။
ယမန်နေ့ ဇူလိုင်လ ၄ ရက်နေ့က အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ကျင်းပသည့် အဆိုပါ အသုဘသို့ အမေရိကန်အပါအဝင် အနောက်အုပ်စုနှင့် အဆင်မပြေသော နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြရာတွင် စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်နှင့် အနောက်အုပ်စုတို့၏ ဖယ်ကြဉ်ခြင်းခံထားရသည့် မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့ကပါ တက်ရောက်လာခြင်းဖြစ်သည်။
အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားများနှင့် ရင်ဆိုင်နေရသော မြန်မာအကြမ်းဖက်စစ်တပ်က ယင်းကဲ့သို့ အီရန်ခေါင်းဆောင်ဟောင်း၏ အသုဘသို့ တက်ရောက်ခြင်းဖြင့် အမေရိကန်အပါအဝင်အနောက်အုပ်စုနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ကြောင်း ပြသနေခြင်းဖြစ်သည်ဟု သတင်းများက ဆိုသည်။
အသက် ၈၆ နှစ်အရွယ်ရှိ အီရန်ခေါင်းဆောင် အလီခါမေနီသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့သည့် အီရန်နှင့် အစ္စရေးတို့ ၏ ပူးပေါင်း လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဈာပနအခမ်းအနားကို ဇူလိုင် ၄ ရက်မှ ၉ ရက်နေ့အထိ ရက်ရှည်ကျင်းပကာ အီရန်နိုင်ငံအတွင်းရှိ အဓိကမြို့ကြီးများသို့ ရုပ်ကလာပ်ကိုလှည့်လည်နေခြင်းဖြစ်သည်။
အီရန်နိုင်ငံသည် အာဏာသိမ်းမြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်မှုရှိပြီး မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများကို လျှို့ဝှက်တရားမဝင် တင်ပို့ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ၁ နှစ်ကျော်ကာလအတွင်း အီရန်က မြန်မာစစ်တပ်သို့ လေယာဉ်ဆီလောင်စာ တန်ချိန် ၁၇၅,၀၀၀ ခန့်ကို “Reef” နှင့် “Noble” ဟု အမည်ရသည့် သင်္ဘောများဖြင့် ၉ ကြိမ်တိုင်တိုင် ပို့ဆောင်ခဲ့သည်။
ယင်းသင်္ဘောများသည် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲရန် ခရီးလမ်း ကြောင်းကို အီလက်ထရောနစ်နည်းဖြင့် လိမ်ညာ (Spoofing) ဖော်ပြကာ လျှို့ဝှက် လောင်စများ တင်ပို့ခဲ့ကြောင်း သိရှိရသည်။
အီရန်နိုင်ငံမှ လေယာဉ်ဆီ လောင်စာပို့မှုများသည် မြန်မာစစ်တပ်၏ အရပ်သားများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်သည့် စစ်ဆင်ရေးများကို တိုက်ရိုက်အားဖြည့်ပေးနေပြီး၊ ယင်းလောင်စာပံ့ပိုးမှု စတင်ပြီးနောက်ပိုင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၁,၇၂၈ ဦး သေဆုံးစေခဲ့သည်။
ထို့အပြင် အီရန်နိုင်ငံက ယူရီးယား (Urea) များကိုလည်း မြန်မာနိုင်ငံသို့ တင်ပို့ပေးနေပြီး ယင်းတို့ကို မြန်မာစစ်တပ်က ဒရုန်းဗုံးများနှင့် လေကြောင်းတိုက်ခိုက်ရေးဗုံးများ အပါအဝင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည်။
၂၀၂၄ ခုနှစ် ဇွန်လအတွင်းကလည်း မြန်မာစစ်တပ်ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့်အတူ စွမ်းအင်ဝန်ကြီးဌာန အရာရှိကြီးများကို အီရန်နိုင်ငံ တီဟီရန်မြို့အထိ စေလွှတ်ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ဖူးသည်။
ယခုနှစ် ဖေဖော်ဝါရီလ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင် ခါမေနီ သူ၏ရုံးခန်းအတွင်း သေဆုံးခဲ့သော်လည်း ယင်းသတင်းကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်းတို့တွင် လုံးဝဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချထားခဲ့ဖူးသည်။






