27 C
Yangon

ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို စစ်တပ်က ၁၄ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရှိပြီး နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၅

မကွေးတိုင်း၊ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ၁၄ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ နေအိမ်များ ပျက်စီးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှစပြီး ညနေ ၅ နာရီ ၂၆ မိနစ်ခန့်အထိကို တံတားဦးလေတပ်မှ တက်လာသော Y-12 စစ်ထောက်ပို့၊ ဗုံးကျဲလေယာဉ် ၁ စီးဖြင့် ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ၁၄ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုသို့အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ရှောင်တွေထိတာပါ။ စစ်ကောင်စီစစ်ကြောင်းက ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်မှာ ရှိနေလို့ လေယာဉ်ဖြင့် ဗုံးလာကျဲတာပါ။ နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်။ ဗုံးက ၁၄ ကြိမ်လောက် ချတယ်” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။

အလားတူ ဇွန်လ ၁၃ ရက်နေ့ကလည်း ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် နေပြည်တော်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူများနေထိုင်သော နေအိမ်ကျေးရွာများ ပျက်စီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article