26.4 C
Yangon

ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် PDF တပ်က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်သားများ ခိုးယူထားသော ဘုရားဆင်းတုတော်များပါ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် PDF တပ်က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်သားများ ခိုးယူထားသော ဘုရားဆင်းတုတော်များပါ သိမ်းဆည်းရရှိခဲ့ကြောင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ ထုတ်ပြန်ချက်နှင့် စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာနှင့် ကျွန်းကုန်းကျေးရွာတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၈) နှင့် ဗျူဟာအမှတ် (၁၉) လက်အောက်ခံ ပူးပေါင်းတပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး PDF တပ်များ၏ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ပိတောက်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်သားများ အထိနာ၍ ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်သားများ ဆုတ်ခွာသွားပြီးနောက် PDF တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သားများ ပြည်သူပိုင်နေအိမ်များမှ ခိုးယူထားသော ဘုရားဆင်းတုတော်များပါ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီတိုက်ပွဲက ရေတာရှည်မှာရှိတဲ့ စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာကို PDF က ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်ပါပဲ။ စစ်ခွေးတွေ ပြန်ဆုတ်သွားချိန်မှာ နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ သူတို့ ခိုးယူထားတဲ့ ဘုရားဆင်းတုတော်များပါ သိမ်းဆည်းရရှိခဲ့တာပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း နေပြည်တော်တိုင်းစစ်ဌာန၏ စစ်ဆင်ရေးနယ်မြေများဖြစ်သော ပဲခူးတိုင်း၊ ဆွာ၊ ရေတာရှည်မြို့နယ်တွင်းရှိ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းစစ်ခွင်နှင့် မကွေးတိုင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တွင်းရှိ အလယ်ရိုးမ စစ်ခွင်များတွင် နယ်မြေစိုးမိုးမှုရရှိရေး တိုက်ပွဲများဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိအဆင့် ၄ ဦး အပါအဝင် ၄၀ ကျော် သေဆုံးခဲ့ပြီး ရဲစခန်းမှူးအဆင့် ၁ ဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများထံမှ လက်နက်ငယ် ၁၈ လက်နှင့် ကျည်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article