ရန်ကုန်၊ ဇူလိုင် ၇
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ကာလတန်ဖိုး ကျပ်သိန်း ၆၆၀၀ ခန့်ရှိ Happy Water စိတ်ပြောင်းဆေးဝါး အထုပ် ၁၄၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ယင်းမူးယစ်ဆေးဝါးများ၏ ပိုင်ရှင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၄၀ တပ် မှ ဗိုလ်မှူး အောင်သန့်စင်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၂ နာရီ ၅၀ မိနစ်ခန့်အချိန် Operation-42 စစ်ဆင်ရေးအဖြစ် မူးယစ်တပ် ဖွဲ့၊ စရဖနှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အောင်မြေသာစံမြို့နယ် ၂၂ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ ရတနာဦးဟိုတယ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေစဉ် ရတနာဦးဟိုတယ်၊အခန်း အမှတ် ၃၃၃ တွင် တည်းခိုနေသည့် စိုင်းအောင်ဟိန်း၊ ဇင်ထက်နိုင်ဦး၊ ဆုမြတ်နိုင်နှင့် ငြိမ်းမြင့်မြတ်နွယ်တို့ကို စစ်ဆေးရှာဖွေရာ Happy Water မူးယစ်ဆေးဝါးအထုပ် ၉၀ ကို စတင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ဟိုတယ်အခန်း အမှတ် ၂၂၂ ကို ဆက်လက်ရှာဖွေရာ Happy Water အထုပ် ၁၃၁၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း အထုပ် ၁၄၀၀၊ အလေးချိန် ၁၁ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ကွင်းဆက်စုံစမ်းမှုများအရ မူးယစ်ဆေးဝါးများကို လားရှိုးမြို့မှ မန္တလေးမြို့သို့ သယ် ဆောင်ရာတွင် ပါဝင်ကူညီခဲ့သူများဖြစ်သည့် မင်းကျော်သူ (ခ) မင်းဆက်၊ တပ်မ တော် သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန) ပြင်ဦးလွင်တပ်မှ ဗိုလ်မှူး စိုးသူနှင့် တပ်ကြပ်ကြီး ချစ်စမ်းမောင်နှင့် ကေသီဇော်တို့ကို Nissan Wingroad ယာဉ်တစ်စီးနှင့်အတူ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်စစ်ဆေးရေးဂိတ်အနီး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
ကနဦး စစ်ဆေးချက်များအရ Happy Water မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်မှာ ခလရ ၂၄၀ မှ ဗိုလ်မှူး အောင်သန့်စင်ဖြစ်ပြီး မင်းကျော်သူ (ခ) မင်းဆက်၊ စိုင်းအောင်ဟိန်း၊ ဇင်ထက်နိုင်ဦး၊ ဆုမြတ်နိုင်နှင့် ငြိမ်းမြင့်မြတ်နွယ်တို့က အခကြေးငွေယူ၍ လားရှိုးမှ မန္တလေးသို့ သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့သယ်ဆောင်ရာတွင် ပြင်ဦးလွင်မြို့နယ်ရှိ ဝက်ဝံပူးပေါင်းစစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းနိုင်ရန် သသနတပ်မှ ဗိုလ်မှူး စိုးသူနှင့် တပ်ကြပ်ကြီး ချစ်စမ်းမောင်တို့က ထော်လာဂျီဖြင့် သယ်ဆောင်ပေးခဲ့ပြီး ဝက်ဝံစစ်ဆေးရေးဂိတ်ကို ကျော်လွန်ပြီးနောက် တပ်ကြပ်ကြီး ချစ်စမ်းမောင်၏ ယာဉ်ဖြင့် ပြင်ဦးလွင်မှ မန္တလေးမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိထားသည်ဟု ဆိုသည်။
စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက “ဒီအမှုက စစ်တပ် အရာရှိတွေ ပါဝင်ပတ် သက်နေတာကြောင့် ပြင်ပကို မပေါက်ကြားအောင် အတွင်းပိုင်းမှာပဲ ဖုံးကွယ်ထားတယ်။ တရားဝင် သတင်းထုတ်ပြန်တာမျိုး မလုပ်ဘူး။ လားရှိုးက ဗိုလ်မှူး အောင်သန့်စင်ကတော့ ပါတယ်။ ဒါပေမဲ့ သူနဲ့ အတူ မူးယစ်ဆေးဝါး ပူးပေါင်းလုပ်နေတဲ့ အင်ဂျင်နီယာတပ်က ဗိုလ်မှူး သန့်စင်ဝေ နာမည်ကိုတော့ အမှုတွဲထဲကနေ ဖယ် ထားပြီး မပါအောင် လုပ်ထားတယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် Happy Water အထုပ် ၁၄၀၀၊ အလေးချိန် ၁၁ ကီလိုဂရမ်ခန့်နှင့်အတူ ဖမ်းဆီးခံထားရသူ ၈ ဦးကို မူးယစ်တပ်ဖွဲ့ရုံး၌ ပူးပေါင်းအဖွဲ့များက ကွင်းဆက်များ ဆက်လက်စစ်ဆေးနေကြောင်း သိရှိရပြီး စစ်ဘက်အရာရှိများ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ယနေ့အချိန်အထိ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ- နေပြည်တော် လွှတ်တော်သို့ တက်ရောက်နေသည့် အကြမ်းဖက်စစ်တပ်မှ အရာရှိများကို မြင်တွေ့ရစဉ်။




