26.5 C
Yangon

မြန်မာနိုင်ငံတွင် ပဋိပက္ခများဆက်လက် ဖြစ်ပွားနေဆဲအချိန် မင်းအောင်လှိုင်က တရားဝင်မှု ရရှိရန် အသည်းအသန်ကြိုးပမ်းနေသော ထောင်ချောက်ထဲသို့ မကျစေရေး သတိပြုကြရန် ထိုင်းလွှတ်တော်အမတ် သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၇

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံရေးအကျပ်အ တည်း မပြီးဆုံးသေးသည့် အခြေအနေတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံ တကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိရေး အပြင်းအထန် ကြိုးပမ်းနေသည့် ထောင် ချောက်ထဲသို့ မကျရောက်စေရေး သတိပြုကြရန် ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က တိုက်တွန်းလိုက်သည်။

ထိုင်းလွှတ်တော်အမတ်က သူ၏လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သည့် သဘောထားတွင် မင်းအောင်လှိုင်၏ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်သည် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံသို့ သာမန်အလည်အပတ် သွားရောက်ခြင်းမဟုတ်ဘဲ မြန်မာစစ်တပ်၏ တရားဝင်မှုကို တဖြည်းဖြည်း တည်ဆောက်ရန် ရည်ရွယ်သည့် နိုင်ငံရေးလှုပ်ရှားမှုတစ်ခုအဖြစ် ရှုမြင်သင့်ကြောင်း ပြောဆိုသည်။

မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် လွတ် လပ်၍ တရားမျှတမှုမရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခံထားရသည့် ရွေးကောက်ပွဲအပြီး “သမ္မတ” အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှု ရရှိစေရန် သံတမန်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ထောက်ပြထားသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် လာအိုနိုင်ငံသည် မင်းအောင်လှိုင် သမ္မတအဖြစ် ကြေညာခံရပြီးနောက် သွားရောက်သည့် တတိယမြောက် အိမ်နီးချင်းနိုင်ငံဖြစ်လာခဲ့ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့သာ မသွားရောက်ရသေးကြောင်း ၎င်းက ဖော်ပြသည်။

မြန်မာစစ်တပ်က ပြည်ပနိုင်ငံခြားခရီးစဉ်များနှင့် သံတမန်ရေးလှုပ်ရှားမှုများကို အသုံးချ၍ အာဏာသိမ်းစစ်အုပ်စု၏ ပုံရိပ်ကို တဖြည်းဖြည်း ပြောင်းလဲကာ ကမ္ဘာက လက်ခံသည့် ပုံမှန်အစိုးရတစ်ရပ်အဖြစ် ပုံဖော်နိုင်ရန် ကြိုးပမ်းနေသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေမှာ ပုံမှန်မဟုတ်သေးကြောင်းလည်း ၎င်းက သတိပေးထားသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF)၊ CRPH၊ ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားခံထားရသည့် NLD ပါတီတို့ ဆက်လက်ရှိနေဆဲဖြစ်ပြီး ယင်းအဖွဲ့အစည်းများအားလုံးသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်ရာတွင် အရေးပါသည့် ပါဝင်ပတ်သက်သူများဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အကယ်၍ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်တပ်နှင့်သာ ဆက်ဆံဆွေးနွေးပြီး ကျန်နိုင်ငံရေးအင်အားစုများကို ဖယ်ထုတ်ထားမည်ဆိုပါက ငြိမ်းချမ်းရေးရရှိမည်မဟုတ်ဘဲ ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ စစ်ပွဲများ ပိုမိုရှည်ကြာလာခြင်းနှင့် မြန်မာပြည်သူများ ပိုမိုဒုက္ခရောက်ရခြင်းသာ ဖြစ်လာနိုင်ကြောင်းလည်း သတိပေးထားသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်တပ်တစ်ဖွဲ့တည်းကိုသာ အသိအမှတ်ပြုသည့် သံတမန်ရေးမူဝါဒကို မကျင့်သုံးသင့်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၄၀၀ ကျော် ရှည်လျားသည့် နယ်စပ်ကို မျှဝေထားသည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုကြောင့် လုံခြုံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ သက်ရောက်မှုများကို တိုက်ရိုက်ရင်ဆိုင်နေရကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာဒုက္ခသည် ၈၀,၀၀၀ ကျော်သည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားရသဖြင့် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် အခြေအနေကို ကြည့်ရှုနေသူများအဖြစ်သာ မနေဘဲ လူသားချင်းစာနာမှုနှင့် အမှန်တရားကို အခြေခံသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးမြှင့်တင်သင့်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ထိုင်းနိုင်ငံ၏ စီးပွားရေးအတွက် အလွန်အရေးပါသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း သို့မဟုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်သွားခြင်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေး၊ လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် နယ်စပ်ဒေသခံများကို တိုက်ရိုက်ထိခိုက်စေမည်ဖြစ်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စစ်တပ်တစ်ဖွဲ့တည်း နှင့်သာ ဆက်ဆံခြင်းမဟုတ်ဘဲ စစ်တပ်၊ နိုင်ငံရေးအတိုက်အခံအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင်သူအားလုံးကို ပါဝင်စေသည့် ဆွေးနွေးရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်သင့်ကြောင်း တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံအနေဖြင့် ယနေ့ မှားယွင်းသည့် နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်မည်ဆိုပါက မနက်ဖြန်တွင် ဖြစ်ပေါ်လာမည့် လုံခြုံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျိုးဆက်များကို ပထမဆုံး ရင်ဆိုင်ရမည့်နိုင်ငံများထဲတွင် ထိုင်းနိုင်ငံလည်း ပါဝင်လာမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောကြားထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article