26.5 C
Yangon

ရေတာရှည်နှင့် ချောင်းဦးမြို့နယ်တို့တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းနှင့် လက်နက် ကြီးများဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၇

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း နဂျပ်ကျေးရွာအုပ်စု၊ နဂျပ်အောက်ရွာရှိ ဂူတောင် ဘုန်းကြီးကျောင်းကို ဇူလိုင်လ ၇ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ငူလေတပ်စခန်းမှ ပျံတက်လာသော စစ်ကောင်စီ၏ ဂျက်ဖိုက်တာစစ်လေယာဉ်က နှစ်ကြိမ်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ဂူတောင်စေတီကုန်းနှင့် ဂူတောင်ဓမ္မာရုံ ထိခိုက်ပျက်စီးခဲ့ပြီး နွားတစ်ကောင် သေဆုံးကာ နောက်ထပ်နွားတစ်ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ နွားတစ်ကောင် သေပြီး တစ်ကောင် ဒဏ်ရာရပါတယ်။ စစ်တပ်က ဗုံး ၄ လုံး ကျဲသွားတာဖြစ်ပြီး တစ်ကြိမ်ကို ၂ လုံးစီ ကျဲခဲ့တာပါ။ ပေါင် ၂၅၀ ဗုံးတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ စစ်လေယာဉ်ကတော့ တောင်ငူလေတပ်က ပျံတက်လာတာ ဖြစ်မယ်” ဟု ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်ဖြန့်ဝေရေးတာဝန်ခံက ပြောကြားသည်။

ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီသည် ဘုရားစေတီများနှင့် ဘုန်းကြီး ကျောင်းများကိုပင် လေကြောင်းမှ တိုက်ခိုက်နေသည့်အတွက် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးသတိပြုကြရန်လည်း အသိပေးထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်လည်း ဇူလိုင်လ ၆ ရက် မွန်းလွဲ ၂ နာရီ ၅၉ မိနစ်ခန့်က ချောင်းဦးမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးယှန်ကျေးရွာနှင့် မှန်ချိုကျေးရွာကြားသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ယင်းပစ်ခတ်မှုအတွင်း အရပ်သားထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

“စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိသလို အဆောက်အအုံ ပျက်စီးမှုလည်း မရှိပါဘူး။ ငါးယှန်နဲ့ မှန်ချိုကျေးရွာကြားကို လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့တာပါ” ဟု မြောင်မြို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဇူလိုင်လ ၅ ရက်နေ့ကလည်း ငါးယှန်ရွာတောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးယှန်ကျေးရွာဘက်သို့ ၆၀ မမ လက်နက်ကြီး ၂ လုံးနှင့် ဒရုန်း ၁ စီး အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အရပ်သားထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု မရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article