25.3 C
Yangon

ရခိုင်မှ ထွက်ခွာလာသည့် ရိုဟင်ဂျာများ တင်ဆောင်ထားသော လှေ ၂ စင်း ဘင်္ဂလားပင်လယ်အော်တွင် နစ်မြုပ်မှု UNHCRက စုံစမ်းနေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

ရခိုင်ပြည်နယ်မှ ထွက်ခွာလာသည့် ရိုဟင်ဂျာများ တင်ဆောင်ထားသော လှေ ၂ စင်း ဘင်္ဂလားပင်လယ်အော်အတွင်း နစ်မြုပ်သွားကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းအတည်ပြုနေကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ လှေ ၂ စင်းသည် ဇွန်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ထွက်ခွာလာခဲ့ပြီးနောက် ဘင်္ဂလားပင်လယ်အော်အတွင်း နစ်မြုပ်ခဲ့သည်ဟု သတင်းရရှိထားခြင်းဖြစ်ကြောင်း UNHCR က ပြောဆိုသည်။

လှေများပေါ်တွင် ရိုဟင်ဂျာ မည်မျှလိုက်ပါလာသည်နှင့် လှေများနစ်မြုပ်ခဲ့သည့် နေရာအတိအကျကို လက်ရှိအချိန်အထိ မသိရှိရသေးပေ။

“လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့အခြေအနေအပေါ် အလွန်စိုးရိမ်နေပြီး ဖြစ်စဉ်အသေးစိတ်ကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်” ဟု UNHCR က ပြောဆိုထားသည်။

လက်ရှိတွင် နိုင်ငံမဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူဦးရေထူထပ်ပြီး နေထိုင်မှုအခြေအနေဆိုးရွားသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး သိန်းနှင့်ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။

မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသည့် ရိုဟင်ဂျာများမှာလည်း သွားလာခွင့်အပါအဝင် ပြင်းထန်သော ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရပြီး အများအပြားမှာ စခန်းများအတွင်း ပိတ်မိနေဆဲဖြစ်သည်။

ထို့ပြင် အမေရိကန်နှင့် အခြားနိုင်ငံများ၏ နိုင်ငံခြားအကူအညီ လျှော့ချမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာခွဲတမ်းများ လျှော့ချနေရသကဲ့သို့ ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရိုဟင်ဂျာများ၏ အခြေအနေ ပိုမိုဆိုးရွားလာနေသည်။

ယင်းအခြေအနေများကြောင့် ရိုဟင်ဂျာအများအပြားသည် မလေးရှားနိုင်ငံသို့ သွားရောက်နိုင်ရန် ကြံ့ခိုင်မှုမရှိသော လှေများဖြင့် အန္တရာယ်များသည့် ပင်လယ်ခရီးကို စွန့်စားထွက်ခွာလာကြပြီး ယင်းခရီးစဉ်များအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပင်လယ်ပြင်တွင် အန္တရာယ်ကြုံတွေ့နေသည့် ရိုဟင်ဂျာလှေများကို ဒေသတွင်း ရေကြောင်းအာဏာပိုင်များက ကယ်ဆယ်ရန် ပျက်ကွက်မှုများရှိပြီး အကူအညီတောင်းခံမှုများကို လျစ်လျူရှုသည့် ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားနေကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

UNHCR က ပင်လယ်ပြင်တွင် အန္တရာယ်ကြုံနေရသူများကို ကယ်တင်ရေးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်ဖြစ်သကဲ့သို့ နိုင်ငံတကာရေကြောင်းဥပဒေအရလည်း ကာလရှည်ကြာ သတ်မှတ်ထားသော တာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့ကြောင့် နိုင်ငံများအနေဖြင့် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ကြရန်နှင့် ဒေသတွင်းအာဏာပိုင်များ၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့က ရိုဟင်ဂျာများ၏ အန္တရာယ်များသော ပင်လယ်ခရီးစဉ်များနှင့်ပတ်သက်၍ ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်ကြရန် UNHCR က တိုက်တွန်းထားသည်။

၂၀၂၅ ခုနှစ်အတွင်း ရိုဟင်ဂျာ ၆,၅၀၀ ကျော် လှေဖြင့် ထွက်ပြေးခဲ့ကြပြီး လူ ၉၀၀ နီးပါး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်။ ယင်းနှစ်မှာ လှေဖြင့် ထွက်ပြေးသည့် ရိုဟင်ဂျာများအတွက် သေဆုံးမှုအများဆုံးနှစ်ဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်နှင့် ရွှေ့ပြောင်းသွားလာသူများ အသုံးပြုသည့် အဓိကပင်လယ်ခရီးလမ်းကြောင်းများအနက် သေဆုံးမှုနှုန်းအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း UNHCR က ဆိုသည်။

ယခု ၂၀၂၆ ခုနှစ်အတွင်းတွင်လည်း ရိုဟင်ဂျာ ၅,၄၀၀ ကျော် လှေများဖြင့် ထွက်ပြေးခဲ့ကြပြီး လူ ၅၄၀ မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးနေကြောင်း UNHCR ၏ အချက်အလက်များအရ သိရှိရသည်။

Source – AP

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article