25.3 C
Yangon

လောင်းရှည်ဒေသ ကံလှကျေးရွာအနီး စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊အထိနာသော စစ်တပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသ၊ ကာက (ကံလှ) ကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လောင်းရှည်မြို့မှ ထီးဘုရားကြီးလမ်းအတိုင်း ဆင်းလာသော ဖောကား ၅ စီးနှင့် စစ်သားအင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်း၏ ရှေ့ပြေးအဖွဲ့ကို ကာက (ကံလှ) ကျေးရွာအနီးအရောက် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် စစ်တပ်၏ ဖောကားတစ်စီးမှာလည်း ချောင်းအတွင်း ရေနစ်နေခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်စစ်ကြောင်းက ကာက (ကံလှ) ကျေးရွာအတွင်းရှိ အရပ်သားပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် တောင်ဘို့ကြီးကျေးရွာဘက်သို့ ရောက်ရှိနေကြောင်း သိရသည်။

“မနက်စောစော ရှေ့ပြေးထွက်လာတဲ့ စစ်ကြောင်းပါ။ မိုင်းထိတာ ၃ ယောက်သေတယ်။ ၅ ယောက်လောက် ဒဏ်ရာရတယ်။ ဖောကားတစ်စီးဆိုရင် ချောင်းထဲမှာ ရေနစ်နေတာရှိပါတယ်။ မနေ့ညက ကာကရွာက နေအိမ်တစ်လုံးကို စခတွေက မီးရှို့သွားပါတယ်။ လက်ရှိတော့ တောင်ဘို့ကြီးရွာကို ရောက်နေပြီလို့ သိရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းသည် ချင်းပြည်နယ်တောင်ပိုင်းသို့ စစ်ကူအင်အားများ ပို့ဆောင်ရန် စလင်းမြို့နယ်ဘက်မှတစ်ဆင့် လောင်းရှည်မြို့သို့ ရောက်ရှိလာသော စစ်ကြောင်းဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် လောင်းရှည်မြို့မှ ဆောမြို့ဘက်သို့ ဆက်လက်စစ်ကြောင်းထိုး ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်တောင်ပိုင်းသို့ ပထမအကြိမ် ထိုးစစ်ဆင်လာသည့် စစ်သားအင်အား ၁၅၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းများမှာ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများပြားပြီး ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ စစ်ရေးအရ ရပ်တန့်နေသဖြင့် စစ်တပ်က ဒုတိယအကြိမ် စစ်ကူအင်အားများ ထပ်မံပို့ဆောင်ကာ ထိုးစစ်ဆင်နိုင်ရေး စီစဉ်နေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်မှုခံထားရသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article