25.3 C
Yangon

ပုဂံ-ညောင်ဦးတွင် စစ်တပ်နှင့် ပျူစောထီးများက လူငယ်များကို နေ့စဉ်နီးပါး ပေါ်တာဆွဲဖမ်းဆီးပြီး ငွေကျပ် သိန်း ၂၀၀ မှ သိန်း ၄၀၀ အထိ ငွေညှစ်၊ ငွေမပေးနိုင်သူများကို ရှေ့တန်းပို့နေ၍ မြို့ခံလူငယ်များ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦးဒေသတွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ဒေသခံလူငယ်များနှင့် အခြေခံလုပ်သားများကို နေ့စဉ်နီးပါး ပေါ်တာဆွဲဖမ်းဆီးကာ ငွေကျပ် သိန်း ၂၀၀ မှ သိန်း ၄၀၀ အထိ တောင်းခံပြီး ငွေမပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေကြောင်း ညောင်ဦးမြို့ခံ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိ ပုဂံနှင့် ညောင်ဦးမြို့များတွင် စစ်တပ်နှင့် ပျူစောထီးများက နည်းလမ်းမျိုးစုံဖြင့် အမျိုးသားများကို လိုက်လံဖမ်းဆီးနေပြီး တစ်ရက်လျှင် အနည်းဆုံး ၃ ဦးခန့်မှ အများဆုံး လူ ၂၀ နီးပါးအထိ ပေါ်တာဆွဲဖမ်းဆီးခံနေရကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများအနက် ငွေကြေးတတ်နိုင်သော မိသားစုများထံမှ လက်ရှိပေါက်ဈေးအဖြစ် ငွေကျပ် သိန်း ၂၀၀ မှ သိန်း ၄၀၀ ကြား တောင်းခံကာ ပြန်လည်လွှတ်ပေးမှုများရှိပြီး ငွေကြေးမပေးနိုင်သည့် အခြေခံလူတန်းစားများကိုမူ စစ်မှုထမ်းအဖြစ် ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောဆိုသည်။

“တစ်ရက်ကို ၃ ယောက်လောက်ကနေ အယောက် ၂၀ နီးပါးအထိ ပေါ်တာဆွဲခံနေရတာရှိတယ်။ နည်းလမ်းပေါင်းစုံနဲ့ လူဖမ်းပွဲတော်ကြီးလို လုပ်နေပြီး ပေါ်ပေါ်တင်တင် ငွေရှာနေကြတာ။ ပိုက်ဆံပေးနိုင်တဲ့ လူတန်းစားတွေကတော့ လက်ရှိပေါက်ဈေး သိန်း ၂၀၀ ကနေ သိန်း ၄၀၀ ကြားနဲ့ လူပြန်ရွေးလို့ရတယ်။ မရွေးနိုင်တဲ့ အခြေခံလူတန်းစားတွေကတော့ ရှေ့တန်းကို ပို့ခံရတယ်” ဟု ညောင်ဦးမြို့ခံ သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ညောင်ဦးမြို့၊ ချောင်းရိုးရပ်ကွက်၊ သူဌေးဂူဘုရားအနီး၌ ပန်းရံအလုပ်လုပ်ကိုင်နေသော မောင်မျိုးသက်ဝေကို အိမ်စီးကားဖြင့် ရောက်ရှိလာသူများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်နေ့တွင် ညောင်ဦးမြို့ မဏိစည်သူဈေးကြီး၏ မြောက်ဘက်ရပ်ကွက်အတွင်းရှိ ဗလီအနီး၌ မောင်ဖြည့်ဖြိုးမောင် ခေါ် ကိုဖြိုးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဇွန်လ ၄ ရက်နေ့တွင်လည်း ပဥ္စရူပတည်းခိုခန်းအနီး မိန်းလမ်းမပေါ် သွားလာနေသည့် မောင်စည်သူမောင်ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လအတွင်း နံနက် ၉ နာရီခန့်တွင် ပုဂံမြို့သစ် အရှေ့ဘက်ရှိ မိုးကုတ်ဝိပဿနာရိပ်သာရှေ့၌ မောင်ဟန်မင်းစိုးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောဆိုသည်။

မေလအတွင်းကလည်း ညောင်ဦးမြို့ရှိ အလုပ်ခွင်တစ်ခုတွင် ပန်းရံလုပ်ကိုင်နေသော နေ့စားအလုပ်သမားများကို ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့်အပြင် နေအိမ်တစ်ခုတွင် မိလ္လာကျင်းတူးနေသော အခြေခံလုပ်သားများကိုလည်း လူအများရှေ့၌ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ညောင်ဦးမြို့အထွက် ပခုက္ကူ-မြင်းခြံလမ်းမကြီးဘက်ရှိ BOC ဆီဆိုင်တွင် ဆီလာရောက်ဖြည့်သည့် အမျိုးသားအများအပြားလည်း ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်း၊ ညောင်ဦးမြို့အရှေ့ပိုင်း ရပ်ကွက်တစ်ခုတွင်လည်း မိမိနေအိမ်ရှေ့ ထွက်ထိုင်နေသည့် လူငယ်တစ်ဦးကို အိမ်စီးကားဖြင့် ရောက်ရှိလာသော ပျူစောထီးအဖွဲ့က ကားပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဇွန်လအတွင်းကလည်း နာရေးတစ်ခုသို့ လိုက်ပါပို့ဆောင်နေသော အမျိုးသားများကို နေ့ခင်းကြောင် တောင် လိုက်လံဖမ်းဆီး ပေါ်တာဆွဲခဲ့သဖြင့် နာရေးလိုက်ပို့သူ အမျိုးသားများ ထွက်ပြေးခဲ့ရပြီး အမျိုးသမီးများဖြင့်သာ နာရေးကို ဆက်လက်ပို့ဆောင်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများအနက် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်မှုရှိသူ လူငယ် ၂ ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်ဖမ်းဆီးခံရသူအများစုမှာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံခဲ့ရကြောင်း မြို့ခံသတင်းရင်းမြစ်က ဆိုသည်။

စစ်တပ်၏ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ပုဂံနှင့် ညောင်ဦးရှိ မိသားစုများက ၎င်းတို့၏ သားသမီးများ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရမည်ကို စိုးရိမ်ကာ စားဝတ်နေရေး အခက်အခဲများကြားမှ ငွေချေးခြင်း၊ ပစ္စည်းပေါင်နှံခြင်းနှင့် ပိုင်ဆိုင်မှုများ ရောင်းချခြင်းတို့ ပြုလုပ်၍ လူငယ်များကို ပြည်ပနိုင်ငံများသို့ အမြန်ဆုံး ထွက်ခွာတိမ်းရှောင်ခိုင်းနေကြောင်း သိရှိရသည်။

ထိုသို့ လူငယ်အများအပြား ပြည်ပနှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ငွေကြေးမတတ်နိုင်ဘဲ ထွက်ခွာရန် နည်းလမ်းမရှိသည့် အခြေခံလူတန်းစား လူငယ်အနည်းစုသာ မြို့အတွင်း ကျန်ရှိနေတော့ကြောင်း မြို့ခံများက ပြောဆိုသည်။

လက်ရှိ ပုဂံဒေသမှာ ခရီးသွားရာသီနည်းပါးသည့် Low Season ကာလဖြစ်သည့်အပြင် ဗျတ္တပန်းဆက်လမ်းတွင် ပြန်ပေးဆွဲခံရသည့် သတင်းများ မကြာခဏ ထွက်ပေါ်နေသဖြင့် ခရီးသွားဧည့်သည် ဝင်ရောက်မှု အလွန်နည်းပါးနေကြောင်း၊ ခရီးသွားလုပ်ငန်းကို အဓိက မှီခိုနေရသော ဒေသခံများ၏ စားဝတ်နေရေးမှာလည်း အလွန်ခက်ခဲနေကြောင်း သိရသည်။

ယင်းအခြေအနေတွင် စစ်တပ်နှင့် ပျူစောထီးများ၏ ပေါ်တာဆွဲဖမ်းဆီးမှုများ ထပ်မံဆိုးရွားလာသဖြင့် အခြေခံလုပ်သားများမှာ အလုပ်ခွင်သို့ သွားရောက်ရန်ပင် ကြောက်လန့်နေကြပြီး ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ထမ်းများမှစ၍ နေ့စားလက်လုပ်လက်စားများအထိ ဖမ်းဆီးခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ ပုဂံနှင့် ညောင်ဦးမြို့များမှာလည်း လူအသွားအလာနည်းပါးကာ ခြောက်ကပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article