33 C
Yangon

ကနောင်စစ်ဆင် ရေး တွင် စစ်အရာရှိ ၄ ဦး အပါအဝင် စစ်တပ်ဘက်မှ ၈၀ ဦး သေဆုံးပြီး လက်နက်ခဲ ယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ကနောင်စစ်ဆင် ရေး တွင် စစ်အရာရှိ ၄ ဦး အပါအဝင် စစ်တပ်ဘက်မှ ၈၀ ဦး သေဆုံးပြီး လက်နက်ခဲ ယမ်းအများအပြား သိမ်းဆည်းရရှိ

■ တိုက်ပွဲတွင် သေဆုံးသော စစ်သားများ နှင့်သိမ်းဆည်းရရှိသော လက်နက် များကို ရန်ကုန်ခေတ်သစ် တယ်လီ ဂရမ်တွင် ကြည့်ရှုနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၂

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် တအာင်းအမျိုးသားတပ်မတော် TNLA တို့ ပူးတွဲ တိုက်ခိုက်နေသော ကနောင်စစ်ဆင်ရေးတွင် စစ်အရာရှိ ၄ ဦး အပါအဝင် စစ်တပ်ဘက်မှ ၈၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း မန္တလေး PDF က တရားဝင်သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ “ ကနောင် စစ်ဆင်ရေး ” ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ရပ်အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်ပူးတွဲ၍ ဆင်နွှဲ လျက်ရှိကြောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ တိုက်ပွဲများ အတွင်း မြေပြင် တိုက်ပွဲ ၉ ကြိမ်၊ ဒရုန်းစစ်ဆင်ရေး ၈ ကြိမ် တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၂ ဦး၊ စစ်ကြောင်းမှူး ၁ ဦး၊ ဒုစစ်ကြောင်းမှူး ၁ ဦး ၊ တပ်သား ၇၆ ဦး စုစုပေါင်း ၈၀ ဦးသေဆုံးခဲ့ကြောင်း၊ မြေပြင်တွင် သေဆုံးမှု ထိုထက်ပိုနိုင်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသော စစ်သား အများအပြားရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၃ နာရီအချိန် “ ကနောင်စစ်ဆင်ရေး ” ၏ ပထမဦး ဆုံး အဖွင့်အနေဖြင့် မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၄ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ၄င်းအင်းကြင်းမြိုင်တပ်၏ ကာကင်းစခန်းတစ်ခုအား ဝင်ရောက် စီးနင်းခဲ့ ကြောင်း၊ ထို့နောက် အင်ကြင်းမြိုင်တပ်သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကူလာပေးသော စစ်တပ်ယာဥ်တန်း ၆ စီးကိုလည်း မိုင်းဆွဲဖြတ်တောက်ခဲ့ ကြောင်း၊ အဆိုပါ တိုက်ပွဲများ တွင် ရန်သူ့ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် မျက်မြင်သေဆုံးမှု စစ်သား ၁၉ ဦးနှင့် ဒဏ်ရာရရှိမှု အများအပြား ရှိခဲ့ကြောင်း၊ စစ်ကူလာသော ကား ၁ စီးကို လုံးဝဖျက်ဆီးနိုင်ခဲ့ပြီး PDF ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

အလားတူ သြဂုတ်လ ၄ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ်တပ်များသည် နောင်ချိုအနီးတစ်နေရာတွင် စစ်တပ်ယာဥ်တန်း ကို ခြုံခုံတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း၊ အဆိုပါ ကားပေါ်တွင် ပါလာသော အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၅ ဦးလုံးကို အသေပစ်ခတ် ချေမှုန်းနိုင်ခဲ့ကြောင်း၊ လက် နက် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

နောင်ချိုမြို့တွင် ခြုံခိုတိုက်ခိုက်ခံခဲ့ရခြင်းကြောင့် သြဂုတ်လ ၁၁ ရက်နေ့တွင် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတစ်ရင်းက အင်အား ၅၀ ခန့်ပါ စစ်ကြောင်း က PDF နှင့် TNLA တပ်ဖွဲ့ဝင်များ ဆုတ်ခွာရာလမ်းကြောင်းသို့ စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ အဆိုပါ စစ်တပ် စစ်ကြောင်းကို ဩဂုတ်လ ၁၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ် အချိန် ထပ်မံ မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်ကြောင်းမှုး အပါအဝင် ၁၀ ဦးခန့် သေဆုံးပြီး ၆ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းက မီးကျည်ဖောက်ပြီး စစ်ကူတောင်းခဲ့ရသည်အထိ ရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီ အချိန် PDF နှင့် TNLA တပ်ဖွဲ့ဝင်များ နေရာ ယူထားသောနေရာသို့ စစ်တပ်က စစ်ကြောင်းထိုး လာသ ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲသည် ညနေ ၄ နာရီ အထိ ကြာမြင့်စွာ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ၇ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၆ ရက်နေ့ည ညဉ့်ဦးပိုင်းအချိန်တွင် စစ်တပ် စစ် ကြောင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှိရာသို့ တိတ်တဆိတ်ချဥ်းကပ်လာပြီး ဝိုင်းပတ်ပိတ်ဆို့ရန် ကြိုးစားခဲ့ကြောင်း၊ အဆိုပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက တန်ပြန်ပိတ်ဆို့ခဲ့ရာ စက်တင်ဘာ ၇ ရက်နေ့ နံနက်၇ နာရီ ၃၀ မိနစ် အချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ စစ်တပ်က လက်နက်ကြီးပစ်ကူများစွာဖြင့် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ ကလည်း ဒရုန်းများဖြင့် တန်ပြန်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စစ်တပ်က သေဆုံးမှု များလာသဖြင့် အနီးဝန်းကျင်မှ ကလေးသူငယ်များအား လူသားဒိုင်းများသဖွယ် အသုံးချ၍ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် မြေပြင်တိုက်ပွဲကြောင့် စစ်သား ၆ ဦး မျက်မြင်သေဆုံးခဲ့ပြီး ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်သား ၃ဦး ကျဆုံးခဲ့ကြောင်း ၊ စစ်သား အလောင်း ၁ လောင်းနှင့် ခဲယမ်းအမြောက်အများကို ထပ်မံသိမ်းဆည်း ရရှိခဲ့ ကြောင်း သိရှိရသည်။

ထို့အတူ စက်တင်ဘာလ ၈ ရက်နေ့ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း၊ တောင်နီ ကျေးရွာ အနီး တာဝါတိုင်ကုန်းတွင် စစ်တပ်စစ်ကြောင်းရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့က မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် စစ်တပ် ဘက်မှ အကျအဆုံးများလာ၍ စွန့်ခွာ ထွက်ပြေးသွားကြကြောင်း၊ တော်လှန် ရေးတပ်ဖွဲ့များက အဆိုပါတာဝါတိုင်ကုန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်သား ၁၃ ဦး ကျဆုံးကြောင်း မျက်မြင် အတည် ပြုနိုင်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသော စစ်သား ၆ ဦးကို မိုးကုတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောာင်ထားရကြောင်း၊ စစ်တပ်၏ လက်နက် ခဲယမ်း အများအပြားနှင့် စစ်သားအလောင်း ၅ လောင်းကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဝာာဝါတိုင်ကုန်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက် ပေးလှူခဲ့ရကြောင်း သိရှိရသည်။

ထို့နောက် စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် နာရီ အချိန် တော်လှန် ရေးတပ်ဖွဲ့ဝင်များကို စစ်တပ်စစ်ကြောင်းများက ပြန်လည် ထိုးစစ် ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် တန်ပြန် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ကြောင်း၊ မြေပြင် တိုက်ပွဲကြောင့် စစ်တပ်ဘက်မှ ဒု-စစ်ကြောင်းမှုး အပါအဝင် ၃ ဦး ကျဆုံး ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ဆင်နွှဲလျက်ရှိသော “ ကနောင် စစ်ဆင်ရေး ” သည် ပြီးဆုံးခြင်းမရှိသေးဘဲ လက်ရှိတွင် တပ်မ ၉၉ ၊ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂၊ ခလရ ၂၅၇ နှင့် စကခ-၁ လက်အောက်ခံ ခမရ ၅၀၂ တို့က အင်အား ၄၀၀ ဝန်းကျင်ခန့်ဖြင့် ထိပ်တိုက်ဆိုင်ထားကာ စစ်ရေး တင်းမာလျက်ရှိကြောင်း သိရှိရသည်။

(သေဆုံးသွားသော စစ်သားများ၏ အလောင်းပုံများကို ရန်ကုန်ခေတ်သစ်၏ https://t.me/khitthitnews/136552 တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ ဖေ့ဘုတ်စ်၏ လူမှုကွန်ရက် Community Standard အရ ဖော်ပြခြင်းမပြုနိုင်ပါ ကြောင်း အသိပေးအပ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article