မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ (၁) ကို အခြေခံဥပဒေဖြင့် ထူထောင်မည်ဟု MNDAA က တရားဝင်ကြေညာ
ရန်ကုန်၊ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသော နယ်မြေများအနက်မှ ကိုးကန့် MNDAA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ရရှိထားသော နယ်မြေများကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ (၁) အဖြစ် အခြေခံဥပဒေဖြင့် ထူထောင်မည်ဟု MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်း ပြည်နယ် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖုန်တဲရင်က တရား ဝင် ယနေ့ ကြေညာသည်။
၂၀၂၄ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာအဖြစ် မြန်မာပြည်သူများသို့ တော်လှန်ရေး သတင်းစကားများ ပေးပို့ရင်း ၎င်းက အထက်ပါအတိုင်း ပြောဆို ကြေညာလိုက်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)၏ အာဏာပြန်လည်ရရှိရေးသည် မိမိတို့အမျိုးသားရေးလုပ်ငန်းစဉ်၏ ပထမခြေလှမ်းမျှသာဖြစ်သည်။မိမိတို့အနေဖြင့် အထူးဒေသ(၁)ကို ပြန်လည်ထူထောင်ရန်အတွက် ပါတီ ၊ အုပ်ချုပ်ရေး ကော်မတီ နှင့် တပ်မတော်တည်ဆောက်ရေးစနစ်၊ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ် နှင့် ကေဒါသင်တန်းများစသည်ဖြင့် ပြင်ဆင်မှုများပြုခဲ့ပြီးဖြစ်သော်လည်း စစ်ပွဲအပြီး ကိုးကန့်ဒေသပြန်လည်ကောင်းမွန်လာစေရန်အတွက် ရဲဘော်တို့အနေ ဖြင့် ရှေးတော်လှန်ရေးသမား၊လူကြီးတို့၏ ချွေတာတတ်သော အစဉ် အလာ၊ လုပ်ပုံကိုင်ပုံ၊ အမွေများကိုဆက်ခံပြီး မိမိဒေသတည်ဆောက်ရေးအပေါ်ကို အစွန်းကုန် အပင်ပန်းခံကြိုးစားအားထုတ်သောလုပ်ဟန်ဖြင့် “ အထူးဒေသ (၁) အခြေခံဥပဒေ ”ကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူ လူထုနှင့်တကွ ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါသည်” ဟု MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖုန်တဲရင်က ပြောဆိုသည်။
ထို့ပြင် အထူးဒေသ(၁)နယ်မြေတစ်ခုလုံးလွတ်မြောက်ရေးအတွက် မိမိအနေဖြင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များကို စည်းရုံးပြီး စစ်မြေပြင်စည်းကမ်းတင်းကြပ်ခြင်း ၊ ရန်သူအလင်းဝင်ရန်လှုံ့ဆော်ခြင်း ၊ စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ပေးခြင်း ၊ ဒုက္ခသည်ကိုကူညီပေးခြင်းနှင့် အများပြည်သူ၏အသက်အိုးအိမ်စည်းစိမ်များ အတတ်နိုင်ဆုံးကာကွယ်ပေးခြင်း စသည်လုပ်ငန်းများကို ကောင်းမွန်စွာလုပ်ဆောင်သည့်အပြင် ၁၀၂၇ စစ်ဆင်ရေး Operation ကြီးကိုလည်း အဘက်ဘက်မှ အမြန်ဆုံးအောင်မြင်မှုရရှိအောင် အတူတကွကြိုးပမ်းသွားကြရန် ၎င်းက တိုက်တွန်းသည်။
” အထူးဒေသ(၁)နယ်မြေအတွင်းမှာ တိုင်းရင်းသားဖိနှိပ်ခံရမှုဆိုသည်မှာ လုံးဝရှိမည်မဟုတ်တော့ပါ။ ပုဂ္ဂလိက လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့စစ်အဖွဲ့တွေလည်း မရှိတော့ပါ။ အိမ်ပေါ်တွေလမ်းပေါ်ထွက်ပြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေခြင်းလည်း မရှိတော့ပါ။ ကိုးကန့်၏ အနာဂတ်မည်မျှပင်ခက်ခဲစေကာမူ အထူးဒေသ အုပ်ချုပ်ရေးကော်မတီအနေဖြင့် ဆိုင်ဘာမှုခင်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများပြန်လည်ရှင်သန်လာခြင်းမျိုးကို လုံးဝ ခွင့်ပြုမည်မဟုတ်ပါ။ ပြည်သူလူထုများလည်း ဖိနှိပ်မှုများကိုမခံစေရပါ။ ကိုးကန့်ရုပ်သေးအဖွဲ့ တို့အုပ်ချုပ်စဉ်အတွင်း အကျင့်ပျက် ခြစားမှုများနှင့် အကျင့်ဆိုးများအားလုံးကို လုံးလုံးလျားလျား ပပျောက်စေမည်ဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် အထူးဒေသ(၁)အတွင်းရှိ စစ်သားများနှင့် အရပ်သားအားလုံးကို တာဝန်ရှိစွာဖြင့် ပြောပြနိုင်သည်မှာ – “ MNTJP ပါတီ၊ MNDAA တပ်မတော် နှင့် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီတို့အနေဖြင့် ဒေသအတွင်းရှိ ပြည်သူလူထုများအတွက် ဖွံ့ဖြိုးတိုးတက်ရေးပြီး တည်ငြိမ်အေးချမ်းသော အထူးဒေသ (၁) တစ်ခုကို တည်ဆောက်ပေးရန် ကတိပြုပါသည်” ဟု MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖုန်တဲရင်က ကြေညာပြောဆိုသည်။
ထို့အတူ MNDAA တပ်မတော်ကိုလည်း စနစ်တကျ တည်ဆောက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အထူးဒေသ ၁ အရာရှိသင်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ ရွယ်ပျိုပြီး အတတ်ပညာကျွမ်းကျင်မှုအပြည့်ရှိသည့် အရာရှိကေဒါအမြောက်အများကို သင်ကြားမွေးထုတ်နိုင်ခဲ့ပါသည်။ ထို့အတူ ဒေသအသီးသီးမှပညာတတ်လူငယ်များကို တော်လှန်ရေးလမ်းစဥ်ပေါ်သို့ စည်းရုံးခေါ်ဆောင်နိုင်ခဲ့ပြီး စစ်ရေး နှင့် နိုင်ငံရေး လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အရာရှိအဖွဲ့တို့၏ အရည်အတွေးများကိုမြှင့်တင်စေနိုင်ခဲ့ပါသည်။ မတ်လပိုင်းတွင် မိမိတို့အဖွဲ့အစည်းမှ “စစ်ဘက်ဆိုင်ရာ ရာထူးတံဆိပ်စနစ် (Military Rank)”ကိုစတင် အကောင်အထည်ဖော်ကျင့်သုံးခဲ့ပြီး တပ်ဖွဲ့ကိုလည်း စနစ်ကျတဲ့ Standard Army အဖြစ် တည် ဆောက်နိုင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် တပ်စည်းမျဉ်းစည်းကမ်းများ၊ ဒေသအုပ်ချုပ်ရေးယန္တရားများကို တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ပြုပြင် ရေးစွဲတင်းကြပ်ခဲ့ပြီး ဒေသနှင့် တပ်မတော်တစ်ရပ်လုံးကို တရားဥပဒေနှင့်အညီ စနစ်တ ကျ အုပ်ချုပ်နိုင်ခဲ့ပါသည်” ဟု ၎င်းက ပြောဆိုထားသည်။
MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြို့ပေါင်း ၁၃ မြို့နှင့် စစ်စခန်းပေါင်း ၄၀၀ ကျော်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည်။