24 C
Yangon

ထားဝယ်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ အရာတော်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ထားဝယ်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ အရာတော်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Ba Htoo Army -BHA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာအတွင်းသို့ အင်အား ၁၀၀ ခန့် ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အသင့်ထောင်ထားသော တိုက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျအတည်ပြုနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့နောက် ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်တွင် ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ သင်္ကန်းတုန်းကျေးရွာမှ ဝကုန်းကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်းထိုးလာရာ ဝကုန်း ကျေးရွာအရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ၃ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား အများအ ပြား ထိခိုက်ဒဏ်ရာရရှိကာ အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကိုတော့ တိတိ ကျကျ အတည်မပြုနိုင်သေးဘူးဗျ၊ အဲဒီစစ်ကြောင်းက ကျောက်မဲ တောင်စခန်းကို ရောက်သွားပြီ၊ ပကာရီရဲစခန်းကနေ ဝင်လာတဲ့ စစ်ကြောင်းဗျ၊ သူတို့ ဦးတည်ပြီးလာ တာက ကျောက်မဲတောင်စခန်းဘက်ကိုပဲ၊ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟုBa Htoo Army -BHA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗထူးတပ်မတော် (BHA) နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သော Kaw Thoo Lei Army (KTLA) တပ်ရင်း ၂ မှ တပ်ခွဲ ၂ ၊ သံမဏိပြောက်ကျားတပ်ဖွဲ့၊ ဥဩစစ်ကြောင်း (Oak Awe Column) ၊ ထားဝယ်စုပေါင်းစစ်ကြောင်း (Dawei Collective Column-DCC) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရှိန်မြှင့်ကာ အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းသွား မည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ သတိဖြင့် သွားလာနေထိုင်ကြရန် အသိပေးထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့နယ်၊ သာစည်ရွာမှ ပြန်လာသော အင်အား ၅၅ ဦးခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အရာတော်မြို့ အနောက်ဘက် စက်မှုလယ်ယာ ဂိတ်စခန်းသို့ ရောက်ရှိလာစဥ် တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ် ၁၂၀ မမ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အရာတော်မြို့ရှိ စခတ ၁၀ (စစ်ရေးအခြေခံလေ့ကျင့်ရေးတပ်) မှ ကားအကြီး ၃ စီးဖြင့် စစ်ကောင်စီ တပ်သားများကို လာရောက် ခေါ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force အဖွဲ့မှ ဦးဆောင်၍ အရာတော်မြို့နယ်၊ တိုက်နယ် အမှတ်‌ (၄) ရဲဘော်များ၊ Ayadaw Rocket LPDF၊ မုံရွာခရိုင် တပ်ရင်း (၁၉) ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article