ရန်ကုန်၊ မေ ၈
ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ကူးလူးသွားလာ နယ်စပ်ဖြတ်ကျော်ရန် အဓိက လိုအပ်နေသော UID စမတ်ကတ်ပြုလုပ်ရန်အတွက် မြို့နယ်လ၀က ဦးစီးမှူး ကျော်စိုးထွန်းက လူ ၁ ဦးလျှင် ငွေကျပ် ၁ သိန်းခွဲတောင်းခံပြီး တိုင်ချင်ရာတိုင်ဟုဆိုကာ ပြည်သူများကို ရိုင်းပြစွာ ဆဲဆို ဆက်ဆံနေကြောင်း မြ၀တီမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ နှောင်းပိုင်း စစ်ကောင်စီက မြ၀တီ-မဲဆောက်သို့ ကူးသန်းနိုင်သည့် အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို UID ကတ်နံပါတ် မပါလျှင် ဖြတ် သန်းခွင့်မပေးတော့ကြောင်း၊ ထို့ကြောင့် ပြည်သူများမှာ မြ၀တီမြို့နယ် လ၀ကရုံးတွင် နေ့စဉ် UID စမတ်ကတ်ပြုလုပ်ရေး ကြိတ်ကြိတ်တိုး တန်းစီနေရကြောင်း၊ ပထမဦးစွာ UID အမြန်လုပ်လိုသူများကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ သာ တောင်းခံရမှ ယခုအခါ တစ်ဦးလျှင် အမြန် လုပ်ကြေး ငွေကျပ် ၁ သိန်းခွဲ အထိ တောင်းယူလာကြောင်း ၊ ထို့ပြင် နေ့စဉ် ပြည်သူများ ကြိတ် ကြိတ်တိုးနေရသဖြင့် မြို့နယ်လ၀က ဦးစီးမှူး ကျော်စိုးထွန်းက ပြည်သူများကို ဆဲဆို ရိုင်းပြခြင်းများ၊ ငွေကြေးတောင်းခံမှုများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေကြောင်း သိရှိရသည်။
“မြဝတီ မြို့ လဝကတွေ အလုပ်ဖြစ်ရာကနေ ပြည်သူတွေကိုပါ မိုက်ရိုင်းလာတာ။ လ၀က မြို့နယ်ဦးစီးမှူး ကျော်စိုးထွန်းဆိုရင် ပိုက်ဆံမပေးရင် လာမလုပ်နဲ့ဆိုပြီး UID လုပ်ပေးရင်း ပြည်သူတွေကို ပုဆိုးပါ လှန်ပြတယ်။ ကြိုက်တဲ့နေရာတိုင် အဓိက ပြဿနာ က UID ကတ်မရှိရင် ထိုင်း နိုင်ငံ ဘက် မဲဆောက်မြို့ ဆီကို ကူသန်းသွားဖို့ အမှတ် ၁ တံတားပေါ်ကနေ ပေးမဖြတ်ဘူး။ လ၀ကက လူတစ်ဦးကို ၁ သိန်းခွဲတောင်းတယ်။ ပွဲစားတွေက ၂ သိန်းနဲ့ လ၀ကနဲ့ ချိတ်ပြီး လုပ်ပေးကြတယ်။ အတော်ဆိုးဆိုးဖြစ်နေတယ်” ဟု မြ၀တီမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
UID စမကတ် မရခင် ကာလအတွက်လည်း လ၀ကမြို့နယ် ဦးစီးမှူး ကျော်စိုးထွန်းက စမတ်ကတ် လျှောက်ထားပြီးကြောင်း သက်သေခံ စလစ်များကိုလည်း ထုတ်ရောင်းကြောင်း သိရှိရသည်။
“UID စမတ်ကတ်မရခင် ကြားကာလမှာ မြဝတီမှ မဲဆောက်ကူးနိုင်ဖို့ UID ကတ်လျောက်ထားပြီးကြောင်း စလစ်ကို လ၀က မြို့နယ်ဦးစီးမှူး ကျော်စိုးထွန်းက သူ့လက်မှတ်နဲ့ စလစ်တစ်ခုကို ငွေကျပ် ၅ သောင်းကျပ်နှုန်းနဲ့ ရောင်းစားတယ်။ မေလ ၆ ရက်နေ့၊ မနက် ၁၀ နာရီ ၃၀ ခွဲမှာ UID စမတ်ကတ်လာလုပ်တဲ့ ပြည်သူတွေကို လ၀ကဦးစီးမှူး ကျော်စိုးထွန်းက ပုဆိုးလှန်ပြတယ်။ ဆဲတယ်” ဟု မျက်မြင်ကြုံတွေ့ခဲ့ရသူ ပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် လ၀ကမြို့နယ်ဦးစီးမှူး ကျော်စိုးထွန်းက ၎င်းတောင်းခံသည့် ငွေကြေးမပေးပါက UID စမတ်ကတ် ပြုလုပ်ပေးမည်မဟုတ်ဘဲ တိုင်ချင်ရာတိုင်နိုင်ကြောင်း၊ မည်သူ့ကိုမှ မကြောက်၍ မြ၀တီကဲ့သို့ အန္တရာယ်များသော နေရာတွင် လ၀က ဦးစီးမှူး လာလုပ်နေခြင်းဖြစ်သည်ဟု ပြည်သူများကို စိန်ခေါ်ဆဲဆိုခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
