28 C
Yangon

မြန်မာပြည်သူကို ဖိနှိပ်သတ်ဖြတ်နေသော စစ်ကောင်စီ၏ဒေါက်တိုင် ဗဟိုဘဏ်ကို နိုင်ငံတကာက အရေးယူရန် ပါမောက္ခရှောင်တာနယ် တောင်းဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

မြန်မာပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေသော စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကို နိုင်ငံတကာက ဒဏ် ခတ်ပိတ်ဆို့အရေးယူရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ပါမောက္ခရှောင်တာနယ် တောင်းဆိုလိုက်သည်။

ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ USIP တွင် How Myanmar’s Central Bank Facilitates the Junta’s Oppression ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသား၍ ပါမောက္ခရှောင်တာနယ် က မြန်မာစစ်ကောင်စီ၏ ဗဟိုဘဏ်ကို နိုင်ငံတကာက ပိတ်ဆို့ရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) သည် စစ်ကောင်စီ၏ လူထုဖိနှိပ်ရေး ယန္တရား အတွက် အဓိကကျသော အစိတ်အပိုင်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း၊ စစ်ကောင်စီအတွက် စစ်လက်နက်များ ဝယ်ယူရန် အဓိက ပံ့ပိုးနေသည့်ငွေကြေးယန္တရားအဖြစ် ဗဟိုဘဏ်က ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများကို ရှောင်ရှားသည့် စစ်ကောင်စီ၏ ငွေရေးကြေးရေး လက်နက်တစ်ခုဖြစ်ကြောင်း ပြောဆိုသည်။

စစ်ကောင်စီကို ငွေကြေးထောက်ပံ့ပြီး နိုင်ငံတကာပိတ်ဆို့မှုများကို ရှောင်ရေး အဓိက ကူညီနေသော ဗဟိုဘဏ်ကို ပိတ်ဆို့အရေးယူခြင်းနှင့် ကန့်သတ်ခြင်းကို နိုင်ငံတကာက အရေးတကြီး ဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊ ၎င်းက ဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ မကြာသေးမီက တင်ပြခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ဘဏ်များအပေါ် ပိတ်ဆို့အရေး ယူမှုများသည် စစ်ကောင်စီ ၏ လက်နက်ဝယ်ယူမှုတွင် ငွေကြေးထောက်ပံ့နိုင်မှုကို လျှော့ချရာတွင် ထိရောက်မှုရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်သော်လည်း ဘဏ်များက အခြားနည်းလမ်းဖြင့် လွှဲပြောင်းမှု ပုံစံပြောင်းလဲသွားကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်ကို ပိတ်ဆို့ခြင်းသည် နိုင်ငံတကာပိတ်ဆို့မှုကို ရှောင်ရှားနေသော စစ်ကောင်စီ၏ ဘဏ်စနစ်တစ်ခုလုံးကို ထိထိရောက်ရောက် အရေး ယူနိုင်မည်ဖြစ်ကြောင်း ပါမောက္ခရှောင်တာနယ်က ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စစ်အာဏာရှင် အတွက် ဘဏ္ဍာရေးမှူးအဖြစ် ရှိနေပြီး စစ်ကောင်စီ ဆင်နွှဲနေသော စစ်ပွဲများအတွက် ငွေကြေးထောက်ပံ့ရန် ဗဟိုဘဏ်ကို အဓိက မှီခိုအသုံးပြုနေကြောင်း၊ အခွန်အကောက်များ မရခြင်းနှင့် စစ်အသုံးစရိတ်များ မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ဘတ် ဂျက် လိုငွေပြမှုကို ဗဟိုဘဏ်ထံမှ ချေးငွေဖြင့်သာ ဘဏ္ဍာငွေရနိုင်မည်ဖြစ် ကြောင်း၊ ယနေ့မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှု၏ ၇၀ ရာခိုင်နှုန်းကျော်ကို ဗဟိုဘဏ်က ထောက်ကူထားကြောင်း သိရှိရသည်။

ထို့ပြင်ဗဟိုဘဏ်က စစ်ကောင်စီအတွက် ငွေစက္ကူများစွာ ရိုက်နှိပ်ထုတ်ဝေပေးပြီး ထိုသို့ ထုတ်ဝေမှုများကြောင့် ငွေကြေးဖောင်းပွမှု မြင့်မားကာ ယခု ၂၀၂၄ ခုနှစ်တွင် ငွေကြေးဖောင်းပွဲမှုနှုန်း ၃၀ ရာခိုင်နှုန်းရှိကြောင်း၊ ငွေကြေး မတည်မငြိမ်မှုများကိုလည်းဖြစ်ပေါ်စေကြောင်း ပါမောက္ခရှောင်တာနယ်က ဆိုသည်။

ထို့ပြင် ဗဟိုဘဏ်က စစ်ကောင်စီကို ဘဏ္ဍာရေး တိုက်ရိုက်ထောက်ကူခြင်းအပြင် ငွေရေးကြေးရေးကဏ္ဍတစ်ခုလုံးအား စစ်တပ်ကို ထောက်ပံ့ရန် ညွှန်ကြားကြောင်း၊ ၂၀၂၁ ခုနှစ်မှစတင်၍ ဗဟိုဘဏ်၏ ဖိအားပေးမှုကြောင့် ပုဂ္ဂလိကဘဏ်များအားလုံးက စစ်ကောင်စီထုတ်ဝေသော ငွေတိုက်စာချုပ် ကျပ်ငွေ ၁၀ ထရီလီယံဖိုး ဝယ်ရကြောင်း၊ ထို့ပြင်နိုင်ငံပိုင်ဘဏ်များကလည်း နောက်ထပ် ကျပ်ငွေ ၃ ထရီလီယံငွေတိုက်စာချုပ်များ ထပ်မံ ဝယ်ယူရကြောင်း၊ ဗဟိုဘဏ်က စစ်တပ်ကိုဘဏ္ဍာရေးအရ ထောက်ကူနေမှုသည် ဘဏ်များမှ ငွေချေးသူအားလုံးရယူ ချေးငှားထားသော ငွေကြေးပမာဏကို ကျော်လွန်နေကြောင်း၊ ဗဟိုဘဏ်နှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်များက စစ်တပ်နှင့်ဘဏ္ဍာရေးကဏ္ဍကို ဆက်နွယ်မှုများကို ထောက်ကူနေကြောင်းသိရှိရသည်။

ဗဟိုဘဏ်သည် စစ်ကောင်စီ၏ နိုင်ငံခြားငွေရင်းမြစ်ဖြစ်လာပြီး စစ်တပ်အတွက်လိုအပ်သော လေယာဉ်နှင့် ဗုံးများကဲ့သို့သော စစ်လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများကို ဝယ်ယူရေး ဆောင်ရွက်ပေးနေကြောင်း၊ အဆိုပါ စစ်လက်နက်များဖြင့် တော်လှန်ရေးလှုပ်ရှားမှုများကို စစ်တပ်က တိုက်ခိုက်နေကြောင်း သိရှိရသည်။ စစ်ကောင်စီက နိုင်ငံခြားအရန်ငွေကို အမေရိကန်ဒေါ် လာ ၃ ဒသမ ၅ ဘီလီယံသို့ လျှော့ကျသည်အထိ သုံးစွဲလာကြောင်း၊ စစ်ကောင် စီအတွက် အခွင့်သော နိုင်ငံခြားငွေလဲနှုန်းသတ်မှတ်ခြင်း၊ ပို့ကုန်ရငွေများမှ စစ်ကောင်စီအတွက်ဒေါ်လာများ ရှာဖွေခြင်း၊ ပြည်ပလုပ်သားများထံမှ ဒေါ်လာများကိုစစ်ကောင်စီအတွက် ရှာဖွေခြင်း၊ စစ်ကောင်စီ၏ မိတ်ဖက် အဓိကစီးပွားရေးလုပ်ငန်း အနည်းငယ်မှလွဲ၍ အားလုံးသို့ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ခွင့်လိုင်စင်များ ဖျက်သိမ်းခြင်းနှင့် အခြားငွေကြေးကုန်သည်များကို အစုလိုက် အပြုံလိုက် ဖမ်းဆီးခြင်း၊ မြန်မာနိုင်ငံတွင် လည်ပတ်လုပ်ကိုင်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အမြတ် ဝေစုနှင့် နိုင်ငံခြားငွေပေးချေမှုများတွင် မတရား ကန့်သတ်ချက်များ၊ နိုင်ငံခြားငွေချေးသူများက အတည်ပြုထားသော ချေးငွေအပေါ် အတိုးနှင့်ငွေရင်းပြန်ဆပ်ခြင်းများကို ဆိုင်းငံ့ထားခြင်းများ ဗဟိုဘဏ်က စစ်တပ်အတွက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဗဟိုဘဏ်က စစ်တပ်အပေါ် အမေရိကန်နှင့်နိုင်ငံတကာက ပိတ်ဆို့ထားသော စီးပွားရေးပိတ်ဆို့မှုများကို ရှောင်လွှဲရာတွင် လွယ်ကူချောမွေ့စေရန် လုပ်ဆောင်ပေးကြောင်း၊ မြန်မာ့ကုန်သွယ်မှုနှင့် နိုင်ငံတကာငွေပေးချေမှုများကို အမေရိကန် ဒေါ်လာမှ တရုတ်ယွမ် ၊ ထိုင်းဘတ်ငွေ သို့မဟုတ် ရုရှားရူဘယ်လ်သို့ ပြောင်းရွှေ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ သိရှိရသည်။

ဗဟိုဘဏ်က စစ်အာဏာရှင်တို့အတွက် ပြည်သူများကို ဖိနှိပ်မှုဆိုင်ရာ ယာဉ်တစ်စီးဖြစ်ကြောင်း၊ ဗဟိုဘဏ်သည် စစ်ကောင်စီ၏ ရာဇ၀တ်မှုတွင် ပူးပေါင်းဆောင်ရွက်သူဖြစ်ကြောင်း၊ အငြိမ်းစား စစ်အရာရှိများသည် ယခုအခါ ဗဟိုဘဏ်ထိပ်တန်း ရာထူး သုံးခုကို သိမ်းပိုက်ထားကြောင်း၊ ၎င်းတို့က ဗဟိုဘဏ် ၏ မူဝါဒ နှင့် စစ်ဆင်ရေး ကဏ္ဍ အကြီးအကဲများ အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း၊ အလားတူ အခြေအနေမျိုးသည် အခြားနိုင်ငံပိုင်ဘဏ်များတွင်လည်း ကြုံတွေ့ရပြီး မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဗိုလ်မှူး၊ ဗိုလ်ကြီးများစွာ ခန့်အပ်ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် စစ်အစိုးရ၏ စစ်ယန္တရား၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ဗဟိုဘဏ်က စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ငွေကြေးထောက်ပံ့ပေးကာ စစ်ရာဇဝတ်မှုကျူးလွန်သူများကို ကူညီပေးသည့် ယာဉ်ယန္တရားဖြစ်ကြောင်း၊ နိုင်ငံတကာစံနှုန်းများကို ဖီဆန်၍ ငွေကြေးထောက်ပံ့နေပြီး အာဏာ အလွဲသုံးစားလုပ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပံ့ပိုးပေးနသော စစ် ရာဇ၀တ်မှု ကြံရာပါ ဖြစ်ကြောင်း၊ရုရှား၊ အီရန်နှင့် အာဖဂန်နစ္စတန်တို့၏ ဗဟိုဘဏ်များကို မကြာသေးမီနှစ်များအတွင်းက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသကဲ့သို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုလည်း အရေးယူသင့်ကြောင်း ပါမောက္ခရှောင်တာနယ်က ပြောဆိုသည်။

ဗဟိုဘဏ်ကို အမေရိကန်၏ တရားဝင် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးရန်နှင့် အခြားနိုင်ငံများအနေဖြင့် ဗဟိုဘဏ်အား ဒဏ်ခတ်ပိတ်ဆို့မှုတွင် အမေရိကန်နှင့် ပူးပေါင်းရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း၊ ဗဟိုဘဏ်အပေါ် ပိတ်ဆို့အရေးယူမှုသည် သာမန်ပြည်သူများကို ထိခိုက်နစ်နာစေသည်ဟု စောဒက တက်နိုင်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက မြန်မာပြည်သူများကို အန္တရာယ်ပြုရန် ဗဟိုဘဏ်ကို ကိုင်စွဲထားပြီး စီးပွားရေးတည်ငြိမ်အောင်လုပ်နေကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးမှာ အရည်အချင်းမရှိ ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်တပ်ကို ဖယ် ရှားရန်ဖြစ်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံတွင် အပြောင်း အလဲများကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်သော်လည်း ယနေ့မြန်မာနိုင်ငံ၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ပိုမိုနီးကပ်လာစေရန် လုပ်ဆောင်ပေးနိုင်ကြောင်း ပါမောက္ခရှောင်တာနယ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article