ရန်ကုန်၊ ဩဂုတ် ၉
အကြမ်းဖက် စစ်အာဏာရှင်အပြီးတိုင် ဖျက်သိမ်းရေး မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့အပါအဝင် တိုင်းရင်းသားအားလုံးနှင့်အတူ လက်တွဲ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း PNFC ၊ PNLO နှင့် NMSP-AD တို့က ပူးတွဲ ကြေညာလိုက်သည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုလိုလားသော စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်များတွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် ဘ၀တူညီနောင် တော်လှန်ရေး အင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့အားလုံးက စစ်အာဏာရှင် ဖျက်သိမ်းရေးအတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အပါအဝင် ဘ၀တူ တိုင်းရင်းသားတွေအားလုံးနဲ့လက်တွဲဆောင်ရွက်သွားဖို့ ဒီလိုကြေညာတာပါ။ အခုဆိုရင် တပ်ဖွဲ့ဝင်တွေက ရှမ်းမြောက်မှာ စစ်သင်တန်း တက်ပြီးတော့ တိုက်ပွဲတွေမှာ တစ်ဦးချင်းစီအလိုက် ပါဝင်နေတာရှိတယ်။ တပ်ဖွဲ့တွေအချင်းချင်းလည်း မကြာမီမှာ စစ်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ရှိပါတယ်” ဟု PNFC ပအို့အမျိုးသားဖက်ဒရယ်ကောင်စီမှ ခွန်ဝါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
PNFC ၊ PNLO နှင့် NMSP-AD တို့အနေဖြင့် ရှမ်းမြောက်ပိုင်းလားရှိုးမြို့သိမ်းတိုက်ပွဲနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကို ဩဂုတ်လ ၃ ရက်နေ့ တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်မှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း၊ သောင်းသောင်းဖျဖျကြိုဆိုကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးများနှင့်အတူ လူထုတော်လှန်ရေး၏ အောင်ပွဲအဆင့်ဆင့်ကို ရရှိခဲ့ပြီး လူထုကို ရန်သူအဖြစ် သတ်မှတ်စစ်ဆင်နေသော စစ်အုပ်စု၏ ရှုံးနိမ့်မှုများကိုလည်း ပီပီပြင်ပြင် တွေ့မြင်နေရကြောင်း NFC ၊ PNLO နှင့် NMSP-AD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar