30 C
Yangon

စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူ လူထုက နည်းလမ်း မျိုးစုံဖြင့် ဆန့်ကျင်ကြရန် ရန်ကုန်သပိတ် အင်အားစုများ တိုက်တွန်း

Must read

စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူ လူထုက နည်းလမ်း မျိုးစုံဖြင့် ဆန့်ကျင်ကြရန် ရန်ကုန်သပိတ် အင်အားစုများ တိုက်တွန်း

ရန်ကုန်၊ စက်တင်ဘာ ၂၆

အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူလူထု တရပ်လုံး နည်းလမ်း မျိုးစုံဖြင့် ဆန့်ကျင်ကြရန် တိုက်တွန်းကြောင်း ရန်ကုန် လူထုသပိတ် အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထိုသို့ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုကို ပြည်သူလူထုတရပ်လုံး အနေဖြင့် မိမိတို့ တော်လှန်ရေး အင်အားစုများနှင့် အတူတကွ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် လိုအပ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ • ကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဉ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကို လိုအပ်သလို အကာအကွယ်ပေးခြင်း၊ စသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း ရန်ကုန်သပိတ် အင်အားစုများ ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်ဆောင်ရွက်ကြမည့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လဝကနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည်လည်း ပြည်သူလူထု၏ ဒေါသကို မလွဲဧကန် ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးနှင့် ဖိအားများကြောင့် မလွှဲရှောင်သာ ပါဝင်ရသည့် ဝန်ထမ်းများအနေဖြင့် သန်းခေါင်စာရင်း လုပ်ငန်းများ နှောင့်နှေးစေရန်၊ အချက်အလက်များ မှားယွင်းစေရန် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ရင်း ပြည်သူလူထုဘက်၌ ရပ်တည်နိုင်ကြောင်း ရန်ကုန်သပိတ် အင်အားစုများက ပြောဆိုသည်။

နိုင်ငံတဝှမ်းရှိ ပြည်သူများ စစ်ဘေး၊ ရေဘေး စသည့် ဘေးအန္တရာယ်အမျိုးမျိုး ရင်ဆိုင်ခံစားနေရချိန်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကိုသာ အပြင်းအထန်ကြိုးပမ်းနေကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နှစ်ကာလအပိုင်းအခြားတစ်ခုအတွင်း ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် စသည့် လူမှုစီးပွားဆိုင်ရာ ဖွံ့ဖြိုးမှုကို လေ့လာသုံးသပ်နိုင်ရန် သန်းခေါင်စာရင်းကောက်ယူမှုသည် ပုံမှန် လုပ်ရိုးလုပ်စဉ်ဖြစ်သော်လည်း အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံ၏ လူမှုစီးပွားထောက်တိုင်များကို ကိုယ်တိုင် ဖျက်စီးနေသူ ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းမှ ရရှိနိုင်သော ပြည်သူလူထု၏ ကိုယ်ရေး အချက်အလက်များကိုလည်း နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုထက် ၎င်းတို့ အာဏာတည်မြဲရေး၊ စစ်အနိုင်ရရေး၊ လူထု၏ တော်လှန်အုံကြွမှုများကို ဖိနှိပ်ရေးအတွက်သာ အသုံးချမည်မှာ မလွဲဧကန် ဖြစ်ကြောင်း ထုတ်ချက်တွင်ပါရှိသည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းသည် ဟန်ပြရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတစ်ခု ဖြစ်သည့်အပြင် မြို့နယ်၊ ရပ်ကွက်များအလိုက် စစ်မှုထမ်းနိုင်သည့် လူငယ်များ၏ အရေအတွက်များ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသည့် ကျောင်းသားလူငယ်များနှင့် ပြည်သူ့ဝန်ထမ်းများ၏ အခြေအနေများ၊ မြို့ပြနေ သပိတ်ရဲဘော်များနှင့် တော်လှန်ရေး အင်အားစုများ၏ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် ကြံစည်မှုဖြစ်သည်။ စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုသည် မြို့ပြတော်လှန်ရေးအင်အားစုများ အပါအဝင် ပြည်သူလူထု တစ်ဦးတစ်ယောက်တိုင်းအတွက် အန္တရာယ် ဖြစ်ကြောင်း ရန်ကုန် လူထုသပိတ် အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့သို့ အဘက်ဘက်မှ ပြိုလဲပျက်စီး ကျရှုံးလာသော အကြမ်းဖက် စစ်ကောင်စီသည် စစ်မှုထမ်း၊ သန်းခေါင်စာရင်း၊ ဟန်ပြရွေးကောက်ပွဲ စသည့် ကြိုးပမ်းမှုများကို ကောက်ရိုးတမျှင်ပမာ ဆွဲကိုင်၍ အသက်ဆက်ရန် ကြံစည်လျက်ရှိကြောင်း၊ ဤကဲ့သို့ စစ်ကောင်စီ၏ ကောက်ရိုးတမျှင်ပမာ ကြိုးပမ်းမှုများကို ပြည်သူလူထုတရပ်လုံးနှင့်အတူ တော်လှန်ရေးအင်အားစုများ၊ လူထုဘက်သား ဝန်ထမ်းများ၏ စုပေါင်းအင်အားဖြင့် အတူတကွ ဆန့်ကျင်ဖြိုဖျက်ကြရမည် ဖြစ်ကြောင်း ရန်ကုန် လူထုသပိတ်အင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ- စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article