26 C
Yangon

ရေဖြူနှင့် ဂန့်ဂေါတို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး သန်းခေါင်စာရင်း ကောက်ယူနေသူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု တော်လှန်ရေး အင်အားစုများ အသိပေး

Must read

ရေဖြူနှင့် ဂန့်ဂေါတို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး သန်းခေါင်စာရင်း ကောက်ယူနေသူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု တော်လှန်ရေး အင်အားစုများ အသိပေး

ရန်ကုန်၊ အောက်တိုဘာ ၂

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ နှင့် ပူးပေါင်းပြီး သန်းခေါင်စာရင်း ကောက်ယူနေသူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများသည် ဘေးအန္တရာယ် အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ခံစားနေရသော အချိန်၌ မတရား အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် အပြင်းအထန် ကြိုးပမ်းလျက်ရှိကြောင်း၊ စစ်အုပ်စု၏ သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ဟန်ပြ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ပြုလုပ်နေကြောင်း၊ ထိုစစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့များ၏ ပြုလုပ်မှုသည် စစ်မှုထမ်းနိုင်မည့် လူငယ်များ၏ အရေအတွက်နှင့် ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်နိုင်ရန်အတွက် ကြိုးပမ်းကြံစည်မှုတခုသာဖြစ်ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုမှ ဦးစီးကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူမှုများအပြင် ၄င်းနှင့် ဆက်စပ်လုပ်ဆောင်မှုများကို ရေဖြူ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) မှ ရှုံ့ချကြောင်းနှင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ စစ်အုပ်စု အလိုကျ သန်းခေါင်စာရင်း လိုက်လံကောက်ယူကြမည့် စစ်အုပ်စု ထောင့်တိုင်များကို မိမိတို့တပ်ဖွဲ့မှ ပြည်သူ့ဆန္ဒအတိုင်း ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ယောနယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက် ယူမှုကို ပူးပေါင်းပါဝင်သည့် မည်သူ့ကို မဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ယောဒေသကာ ကွယ်ရေးတပ် – YDF က ထုတ်ပြန်သည်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ လက်လှမ်းမီ သည့် အတိုင်းအတာဖြင့် လူဦးရေ သန်းခေါင်စာရင်းကောက်ယူနေခြင်းသည် ပြည်သူ့အာဏာကို မတရား လုယူထားသည့် အာဏာအဓွန့်ရှည်တည်တံ့နိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ယုတ္တိမရှိသော မဲမသမာမှု အကြောင်းပြချက်ဖြင့် မတရား အာဏာလုယူထားမှု ကြောင့် ပြည်သူများ၏ တော်လှန်စစ် ဖြစ်ပေါ်လာခဲ့ ခြင်းဖြစ်ကြောင်း YDF က ပြောဆိုထားသည်။

လက်ရှိအချိန်ထိ ပြည်တွင်းစစ်မီးများ တဟုန်ထိုး တောက်လောင်ကာ တိုင်းပြည် မငြိမ်မသက် ဖြစ် နေပြီး ပြည်သူများမှာ စစ်ဘေးအပြင် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးကြောင့် အလူးအလဲ ရင်ဆိုင်နေရချိန်တွင် သန်းခေါင်စာရင်းကို တဖက်လှည့် အသုံးချကာ အတင်းအဓမ္မ စစ်သားစုဆောင်း နိုင်ရန်နှင့် ၎င်းတို့ကို တော်လှန်နေသော တော်လှန်ရေးသမားများ၏ အချက်အလက်များကို စုဆောင်း ရယူရန် ရည်ရွယ်၍ သန်းခေါင်စာရင်း ကောက်ယူနေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ကောက် ကျစ် ယုတ် မာ သည့် အကြံအစည်သာ ဖြစ်သည်ဟု ဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူနေခြင်းသည် ၎င်းတို့ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအတွက် ပဏာမခြေလှမ်းတရပ်ဖြစ်ပြီး ထိုရွေးကောက်ပွဲဖြင့် စစ်အုပ်စုမှ အာဏာကို ရယူနိုင်ရန်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်များကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲများသည် စစ်အုပ်စု ထောက်ခံ သည့်ပါတီ အနိုင်ရရေးသာဖြစ်ပြီး ပြည်သူတို့လိုလားသည့်ပါတီကို အာဏာပေးအပ်ရန် မဟုတ်သည်ကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်ကြောင်း YDF ထောက်ပြထားသည်။

ထို့ကြောင့် နိုင်ငံတကာ အရပ်ဖက် အဖွဲအစည်းများ၊ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် မိဘပြည် သူ များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ပံ့ပိုး ကူညီခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံပါကြောင်း ယောဒေသ ကာ ကွယ်ရေးတပ် – YDF က ထုတ်ပြန်ထားသည်။

ယောနယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ယောကာကွယ်ရေး တပ် – YDF က အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article