35 C
Yangon

စစ်အာဏာရှင်ကြောင့် နယ်ပယ်ပေါင်းစုံ ဆုတ်ယုတ်နေသော မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ မည်သို့ အကောင်အထည်ဖော်မည်နည်းဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း မေးခွန်းထုတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

အကြမ်းဖက် စစ်အာဏာရှင်ကြောင့် နယ်ပယ်ပေါင်းစုံ ဆုတ်ယုတ်နေသော မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ မည်သို့ အကောင်အထည်မည်လဲဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတွင် မေးခွန်းထုတ်သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ တွင် ပြုလုပ်သော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် အထွေထွေမူဝါဒရေးရာဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ယင်းသို့ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၃ နှစ် ခွဲ ကျော် ကာလအတွင်း လူသားများခံစားရမှု၊ နေရပ်စွန့်ခွာမှုများ များပြားလာမှု၊ စီးပွားရေးချို့တဲ့မှု၊ ငွေရေးကြေရေး မခိုင်မာမှု၊ လူမှုရေး ဆုတ်ယုတ်မှုများ အားလုံး ဖြစ်ပေါ် စေခဲ့သည့် အဓိကအကြောင်းအရင်း ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်များ ဖြစ်သည်မှာ အားလုံး အသိ ဖြစ်ကြောင်း၊ မြန်မာပြည်သူများသည် နာကျင်စရာကောင်းသော အတွေ့အကြုံများဖြင့် ပြည့်နှက်နေကြရပြီး၊ ပြဿနာ၏ အရင်းခံဖြစ်သည့် စစ်အာဏာရှင်အပြီးတိုင် ချုပ်ငြိမ်းရေးကို မဆောင်ရွက်နိုင်လျင် ယင်းပဋိပက္ခအကျပ်အတည်းမှာ ကြာရှည်စေမည်ကို ကောင်းစွာသိရှိနားလည်ကြောင်း၊ စစ်ကောင်စီက ပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲသည် ပြည်သူများ၏ ဆန္ဒနှင့် မကိုက်ညီ သကဲ့သို့ ပြည်သူများက လုံးဝ လက်ခံမည် မဟုတ်ပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့်လည်း ပြည်သူများ၏အသံကို နားထောင်ပြီး စစ်ကောင်စီ ၏ အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရန်လိုမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

စစ်တပ်က မတရား အာဏာသိမ်းယူခဲ့သည့် ၃ နှစ်နှင့် ၉ လ အတွင်း ရေရှည်ဖွံ့ဖြိုးမှုရည်မှန်း ချက်၏ အဓိကမဏ္ဍိုင် ၃ ရပ်လုံးမှာ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ယင်းအတွက် မိမိအနေဖြင့် အောက်ပါအချက်များအပေါ် မေးခွန်းထုတ်လိုကြောင်း၊ စစ်ကောင်စီမှ တိုင်းပြည်လူဦးရေထက်ဝက်နီးပါးကို ဆင်းရဲမွဲတေမှုမျဉ်း အောက်သို့ ရောက်ရှိအောင်လုပ်ဆောင်ခဲ့ပြီး ဆင်းရဲမွဲတေမှု ပိုမိုကြီးထွားလာချိန်တွင် ရည်မှန်းချက် (၁) ဖြစ် သော ဆင်းရဲမွဲတေမှု ပပျောက်ရေးကို မည်သို့ဆောင်ရွက်ရမည်နည်း၊ စစ်ကောင်စီမှ ကျေးလက်ဒေသနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကျေးရွာ များနှင့် ကောက်ပဲသီးနှံများ၊ မွေးမြူရေးလုပ်ငန်းများအား မီးရှို့ဖျက်ဆီးနေချိန်တွင် ရည်မှန်းချက် (၂) ဖြစ်သော အစားအစာလုံလောက်မှုကို မည်သို့ဖော်ဆောင် ရမည်နည်းဟု ဦးကျော်မိုးထွန်းက မေးခွန်းထုတ်သည်။

ထို့ပြင် စစ်ကောင်စီမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးအဆောက် အအုံများအား တိုက်ခိုက်မှုများအပါအဝင် ပြည်သူတစ်ရပ်လုံးအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်ချိန် တွင် ရည်မှန်းချက် (၃) ဖြစ်သော ကျန်းမာသောဘဝများရရှိရန် မည်သို့ဆောင်ရွက်ရမည်နည်း၊ စစ်ကောင်စီမှ စာသင်ကျောင်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ ဗုံးခိုကျင်းများတွင် ပုန်းခို၍ ယာယီစခန်းများတွင် ပညာသင်ကြား ရသည့် အခြေအနေမျိုးဖြစ်စေရန် ပြုလုပ်နေချိန်တွင် ရည်မှန်းချက် (၅) ဖြစ်သော အရည် အသွေး ပြည့်ဝသော ပညာရေးကို မည်သို့ ဖော်ဆောင်ရမည်နည်းဟု သံအမတ်ကြီးက ဆက်လက် မေးခွန်းထုတ်သည်။

အလားတူ စစ်ကောင်စီမှ ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာများတွင် ကျား-မ အခြေပြု အကြမ်းဖက်မှုများ ကျူးလွန်နေချိန်တွင် ရည်မှန်းချက် (၅) ဖြစ်သော ကျား-မ တန်းတူ ညီမျှရေး ကို မည်သို့ဖော်ဆောင်ရမည်နည်း၊ စစ်ကောင်စီမှ လူငယ်များအား အတင်းအဓ္ဓမ စစ်မှုခိုင်းစေခြင်းနှင့် ဖမ်းဆီး ထိန်းသိမ်းခြင်းများကြောင့် လုပ်သားအင်အားများ ဆုတ်ယုတ်နေ ချိန်တွင် ရည်မှန်းချက် (၈) ဖြစ်သော သင့်တင့်လျောက်ပတ်သော အလုပ်များကို မည်သို့ ဖော်ဆောင်ရမည်နည်း၊ စစ်ကောင်စီမှ ကြိုတင်အသိပေးစနစ်နှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အကူ အညီများ ဆောင်ရွက်ပေးမှု ပျက်ကွက်နေချိန်တွင် ရည်မှန်းချက် (၁၃) ဖြစ်သော ရာသီ ဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး အပေါ် မည်သို့ ဆောင်ရွက်ရမည်နည်းဟု ကုလသမဂ္ဂအစည်းအဝေးတွင် ၎င်းက မေးခွန်းထုတ်ထားသည်။

စစ်ကောင်စီမှ တရားဥပဒေစိုးမှု၊ ဒီမိုကရေစီနှင့် တာဝန်ယူမှု တာဝန်ခံမှုအဖွဲ့အစည်း များကိုဖျက်ဆီးခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ ပြုလုပ်နိုင်ရန် အခြေအနေများ ဖန်တီး ပေး၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ အပါအဝင် အကြမ်းဖက်ရက်စက်မှုများကို နေ့စဉ်ကျူးလွန် နေချိန်တွင် ရည်မှန်းချက် (၁၆) ဖြစ်သော အားလုံးပါဝင်သည့် ငြိမ်းချမ်းသော အားလုံးပါဝင်သည့် လူမှု အဖွဲ့ အစည်း များ တည်ဆောက်ရေးကို မည်သို့ လုပ်ဆောင်ရပါမည်နည်း၊ မေးစရာမေးခွန်းများ ဆက်၍ ဆက်၍ ရှိနေမည်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မြန်မာ နိုင်ငံတွင် ယခင်ကရရှိခဲ့ သည့် တိုးတက်မှုအခြေအနေများ ပြန်လည်ရရှိရန် အခြေခံ အဓိကလိုအပ်ချက် ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ အနေဖြင့် အားလုံးပါဝင်သော ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို သန္ဒိဌာန်ချ ထားပါကြောင်းနိုင်ငံ တကာ အသိုက်အဝန်းမှလည်း ထိရောက်သည့် ချိတ်ဆက်မှုရှိသော အရေးယူမှုများ ချက်ချင်း ပြုလုပ်ရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူများ၏ အသက်များ ဆုံးရှုံးမှု ထပ်မံဖြစ်ပွားမှုကို လက်မခံနိုင်သကဲ့သို့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်စွာ အကောင်အ ထည်ဖော်ရေးတွင် ဆုတ်ယုတ်မှုများ ထပ်မံ ဖြစ်ပေါ်မှုကိုလက်မခံနိုင်ပါကြောင်း၊ မြန်မာပြည်သူများနှင့် ၎င်းတို့၏အနာဂတ်မျိုးဆက်များ ကို ချန်ထား၍ မရနိုင်ပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article