27 C
Yangon

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

■ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေ၍ လောင်းလုံးမြို့နယ်အတွင်း ခရီးသွားလာခြင်းမပြုလုပ်ရန် ပအဖ သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့မှ စ၍ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို အင်အားရာနှင့်ချီရှိသော အကြမ်းဖက် စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူပိုင် ပစ္စည်းများကို ဖျက်စီးခြင်း နှင့် ခိုးယူမှုများ ဆက်တိုက် ကျူးလွန်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကျန်ပြည်သူ ၁ ဦးသည် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးသံကြောင့် နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း ၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်လာပြီး ဖမ်းဆီးခံရသော ပြည်သူများလည်း ရှိကြောင်း သိရသည်။

“၁၃ ရက်နေ့ကတည်းက လောင်းလုံး အောက်ဘက်ရွာတွေဖြစ်တဲ့ ညင်းမော် ၊ ဂေါ့အင်း ၊ အောက်ရေ ဖြူ ကျေးရွာအုပ်စုတွေကို စစ်ကြောင်းထိုးလျက်ရှိပါတယ်။ လက်ရှိ အထိ အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်လုပ်ရပ်ကြောင့် ပြည်သူ ၂ ဦး သေဆုံးတယ်။ အမျိုးသား တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ နောက် အမျိုးသမီးတစ်ဦးက စစ်ကောင်စီရဲ့ လက်နက်ကြီးအသံ ကြောင့် နှလုံးရပ် သေတာ နေအိမ် တစ်ဆောင်နဲ့ ပြည်သူပိုင် ပစ္စည်းတွေကို မွှေနှောက်ပြီး စိတ်ကြိုက် ယူဆောင်သွားတာတွေရှိတယ်။ ပြည်သူတွေကိုလည်း စစ်ကြောင်း တစ်လျှောက်တွေ့တဲ့လူတွကို ဖမ်းထားပြီး လူသား ဒိုင်းပုံစံမျိုး လုပ် ဆောင်နေတာ အရေအတွက်ဘယ်လောက်ဆိုတာ မသိရဘူး။ စိစစ်ဖို့ ခက်ခဲနေတယ်။ ကျေးရွာ ၅ ရွာနဲ့ အထက်က ပြည်သူ ထောင်ချီနေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်မှုမရှိစေရန်အတွက် လောင်းလုံးမြို့နယ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ရေးသတိပေးချက်များကို လုံးဝ (လုံးဝ) လိုက်နာ ကြရန် ၊ လောင်းလုံးမြို့နယ်အတွင်း ပြည်သူများအနေဖြင့် အရေးပေါ်အခြေအနေများ ၊ ကျန်းမာရေး ဆိုင်ရာ မဖြစ်မနေသွားလာလှုပ်ရှားရမည့် ကိစ္စရပ်များမှအပ ခရီးသွားလာခြင်း လုံးဝ မပြုလုပ်ရန် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

အဆိုပါ ဒေသန္တရတည်မြဲအမိန့်များကို မြို့နယ်အတွင်း ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက် ပေးကြပါရန်နှင့် ဒေသန္တရအမိန့်အား မရုပ်သိမ်းမခြင်း လုံးဝ လိုက်နာ ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း လောင်းလုံးမြို့နယ် ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် လောင်းလုံးမြို့နယ် ဝေဒီရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article