27 C
Yangon

“ဖြတ်ထားတဲ့ ခေါင်းတွေ ခြေထောက်တွေက ခြံစည်းရိုးမှာ ထားတယ်။ Dead body တစ်ခုဆို မီးလောင်ပြီးတော့ ဗိုက်တွေလည်း ခွဲထားတယ်။ ရင်ဘတ်ကနေ အကုန် ဗိုက်အထိ ခွဲထားပြီးတော့ အူတွေ ထုတ်ထားတာ။ ဗိုက်တွေ ခွဲပြီး မီးရှို့သွားခဲ့တာပဲ။ ကောင်းကောင်းမွန်မွန် ခန္ဓာကိုယ် ရယ်ဆိုလို့ အတည်ပြုမြင်ရတာက ၂ ခုပဲ ရှိတယ်။ ကျန်တဲ့ဟာတွေက ဘယ်လိုလဲဆိုတော့ ခွေးတွေ စားနေတာရှိတယ်။ တစ်ခုဆိုရင်ဗျာ လုံးဝ အရိုးအရင်းပဲ ကျန်တယ်။ လုံးဝ အသားတွေ ဘာတွေ မကျန်တော့ဘူး”

Must read

ဘုတလင်၊စီပါကျေးရွာမှ ပြည်သူများကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်၊ စီပါကျေးရွာ အပါအဝင် ကျေးရွာများမှ ပြည်သူများကိုစစ်ကြောင်းထိုး၍ ရက်ရက် စက် စက် သတ်ဖြတ်သွားရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပကဖတာဝန်ခံ ကိုမိုးသောက်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘုတလင်မှာ စစ်ကြောင်းထိုးသွားတဲ့ စစ်တပ်မှာ ဘယ်တပ်ရင်းတွေပါလဲ။ ဘယ်လက်အောက်ခံ တပ်လဲ။

ဖြေ။ ။ ကျနော်ကတော့ ရပ်ကျေး ပကဖ တာဝန်ခံဖြစ်တဲ့အတွက် အဲဒီလိုမျိုး ဟာတွေ ကျွန်တော်တို့ လက်လှမ်းမီသလောက် ပြောမယ်ဆိုရင်တော့ အဲဒီတပ်က အောက်တိုဘာလ ၅ ရက်နေ့ကနေမှ စပြီး နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကနေ စတဲ့ စစ်ကြောင်း။ စစ် ကြောင်း မထိုးခင်မှာကို အဲဒီစစ်ကြောင်းက အရင်ဦးဆုံးစစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က တပ်သားတွေလည်း ပါတယ်။ နောက်ထပ်တစ်ခါ နမခ လက်အောက်ခံ ကလေးအခြေစိုက် ခလရ ၈၉ က တပ်သားတွေလည်း ပါတယ်လို့တော့ ကျနော်တို့ ကြားမိတယ်။ အဲဒီလိုမျိုးတော့ နမခက အင်အားတွေလည်း ပါတာပေါ့နော်။ ပျူစောထီးတွေလည်း ပါတယ်။ သူတို့ စုဖွဲ့ပြီးမှပဲ အောက်တိုဘာလ ၅ ရက်နေ့မှာ စစ်ကြောင်းထိုးလာတာ။

မေး။ ။ အင်အား ဘယ်လောက်လောက်များ ပါလဲ ခင်ဗျ။

ဖြေ။ ။ အင်အားက နမခ ကနေ ထွက်လာကတည်းက စစ်အင်အားသိရတာ ၁၀၀ ကျော်ပေါ့။

မေး။ ။ စစ်တပ်က စီပါရွာမှာ တပ်စွဲပြီးတော့ ပြည်သူ ၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ အခြေအနေကို သိသလောက် ပြန်ပြောပြပေးပါ။

ဖြေ။ ။ သူတို့က စီပါရွာကို အောက်တိုဘာလ ၁၇ ရက်နေ့က စီးနင်းတာပေါ့။ လက်နက်ကြီး လက်နက်ငယ်တွေ ဖောက်ပြီး ။ အဲဒီအချိန်မှာ ကျွန်တော်တို့က မလှမ်းမကမ်းကနေ သတင်းတွေ ယူနေတာပေါ့။ သူတို့ ရွာထဲမှာ သတ်ဖြတ်သွားတာတော့ ၆ ယောက်ရှိတယ်။ အတည်ပြုနိုင်တဲ့ စီပါ ရွာသားက ၄ ယောက်ရှိတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ Dead body က တအား ပုပ်ပွပျက်စီးနေတော့ အတည်ပြုဖို့ ခက်ခဲတာပေါ့။

သူတို့သတ်သွားတာတော့ ပြည်သူတွေပါပဲ။ ဒီတော်လှန်ရေးနဲ့ ဆက်နွှယ်တဲ့ လူတွေ မဟုတ်ဘူး။ အပြစ်မဲ့ အရပ်သား ပြည်သူတွေ ပါပဲ။ ဘာကြောင့်သတ်သွားလဲဆိုတော့ စီပါရွာအနောက်ဘက်မှာ စီပါနဲ့ ကျွဲသေချောင်းအကြားမှာ စက်တင်ဘာလကုန် ၃၀ ရက်နေ့က ဘုတလင်ဘက်ကို ပြန်ပြီးတော့ ခေါက်လာတဲ့ စစ်ကြောင်းကို ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ချေမှုန်းသုတ်သင်ခဲ့တာပေါ့။

အဲဒီမှာဆိုရင် သူတို့ဘက်က ၃၀ ကျော်က သေဆုံးသွားပြီးတော့ ၄၀ ကျော်က အရှင်ဖမ်းမိတာပေါ့။ အဲဒီမှာ စစ်ကြောင်းတစ်ကြောင်းလုံးက ထွက်ပြေးသွားတဲ့ လူက ၄ ၊ ၅ ၊ ၈ ယောက်တော့ ရှိတာပေါ့။ အဲဒီတော့ စစ်ကြောင်းတစ်ကြောင်းလုံး ပျောက်သွားတယ် ပြောရမယ်။ အဲဒီလို ပျောက်သွားတာမို့ သူတို့ကနေပြီးတော့ သူတို့ တပ်ကို ဒီလိုမျိုး ပျောက်အောင်လုပ်လိုက်တဲ့အတွက် ဒီ တပ်ပွဲဖြစ်တဲ့ နယ်မြေတွေဖြစ်တဲ့ စီပါတို့၊ ကျွဲသေချောင်းတို့ ဘက်ကို ပြင်းပြင်းထန်ထန်နယ်မြေရှင်းလင်းရေး လုပ်လာတာပေါ့။

ပြည်သူတွေကို သတ်တဲ့ဟာက အောက်တိုဘာ ၁၇ ရက်နေ့ ညနေပိုင်းလောက် ဖြစ်မယ် ထင်တယ်။ ၁၈ ရက်နေ့ မနက်အထိ ရွာထဲမှာ ရှိနေတုန်းပဲ။ နေ့လယ်ပိုင်း၁၁ လောက် ရွာထဲကနေ သူတို့ အကုန်ဆုတ်ခွာသွားပြီးတော့မှ ကျွဲသေချောင်းတို့ ၊ ဆည်ရွာတို့ ဘက်ကို ထွက်သွားတာကိုး။ အဲဒီတော့ ကျွန်တော်တို့က သတင်း သိရတာက သူတို့ ရွာထဲမှာ နောက်ချန်ထားခဲ့တယ်လို့ ကျွန်တော်တို့ အဖွဲ့တွေကလည်း နယ်မြေမရှင်းလင်းသေးဘူးပေါ့ဗျာ။

အောက်တိုဘာ ၁၉ ရက်နေ့ မရှင်းဘဲ ၂၀ ရက်နေ့မှ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးဝင်တာ။ ဝင်တာနဲ့ပဲ ၂ လောင်းကတော့ ရွာအပြင်မှာ တွေ့တယ်။ ရွာအပြင်မှာ ၂ လောင်းတွေ့ပြီးတော့ ၃ လောင်းကိုတော့ ရွာလယ်ခေါင်နားမှာ တိုင်သစ်ရှိတယ်။ အဲဒီနားမှာ ခေါင်းတွေ ဖြတ်ထားတယ်။ ခေါင်းတွေ ခြေထောက်တွေ လက်တွေ ဖြတ်ပြီးတော့ ခြံစည်းရိုးမှာ ချိတ်ဆွဲထားတာ မြင်ခဲ့တယ်။ ကျနော်လည်း လန့်သွားတာပေါ့။

လုံးဝကို ရက်ရက်စက်စက်သတ်ဖြတ်သွားတာကို မြင်လိုက်ရတဲ့အခါ ကျနော်တို့ စိတ်ထဲမှာ လုံးဝကို အံ့ဩပြီးတော့ ရင်ထဲမှာ မကြည့်နိုင်ဘူးပေါ့ဗျာ။ နောက်ထပ် ဖြတ်ထားတဲ့ဟာက ခေါင်းတွေ ခြေထောက်တွေက ခြံစည်းရိုးမှာ ထားတယ်။ သူတို့ရဲ့ ဖြတ်တောက်ပြီးတော့ ကျန်နေခဲ့တဲ့ ခန္ဓာကိုယ်ကိုယ်ကျတော့ ခြံစည်းရိုးရဲ့ အရှေ့ဘက် အိမ်ဝန်းထဲမှာ သူတို့ပစ်ထားတယ်။ အဲဒီမှာ ကျနော်တို့ ဝင်တဲ့အချိန်မှာတော့ဗျာ ခြစ်ထားတယ်တော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ အမြင်အရ အမှန်အတိုင်းပြောရရင်တော့ ခွေးတွေ စားထားတာဗျ။

Dead body တစ်ခုဆို မီးလောင်ပြီးတော့ ဗိုက်တွေလည်း ခွဲထားတယ်။ ရင်ဘတ်ကနေ အကုန် ဗိုက်အထိခွဲထားပြီးတော့ အူတွေ ထုတ်ထားတာလည်း ကျွန်တော် မပြောတတ်ဘူး။ အဲဒီတစ်ခုဆိုရင်လည်း မီးရှို့ထားတယ်။ အကုန်လုံးကို သူတို့ တကယ်တန်းတော့ ဗိုက်တွေ ခွဲပြီး မီးရှို့သွားခဲ့တာပဲ။ အဲဒီထဲမှာ ကျွန်တော်တို့ အတည်ပြုထားတဲ့ ကောင်းကောင်းမွန်မွန် ခန္ဓာကိုယ်ရယ်ဆိုလို့ အတည်ပြုမြင်ရတာက ၂ ခုပဲ ရှိတယ်။ ကျန်တဲ့ဟာတွေက ဘယ်လိုလဲဆိုတော့ ခွေးတွေ စားနေတာရှိတယ်။ တစ်ခုဆိုရင်ဗျာ၊ လုံးဝ အရိုးအရင်းပဲ ကျန်တယ်။ လုံးဝ အသားတွေ ဘာတွေ မကျန်တော့ဘူး။ ဒီ အရိုးပဲ ရှိတော့တယ်။

အတွင်းကလီစာကတော့ ပထမဆုံးတော့ ဗိုက်ခွဲထားတာတော့ ကျနော်တို့ မြင်တယ်။ အဲဒီဟာတွေ ခွဲထားတဲ့အတွက် ခွေးတွေ ဘာတွေ ကျီးတွေ ဘာတွေက ဆွဲတာဆို ကလီစာတွေ အပြင်ရောက်တာတော့ ဖြစ်မှာပေါ့။ အဲဒီ အသည်းတွေ ဘာတွေ အပြင်ရောက်နေတာတော့ ဟုတ်တယ် ကျနော်တို့ မြင်တယ်။ အဲဒီဟာတော့ သူတို့ပဲ နှိုက်ပြီးတော့ အပြင်ဘက်ထုတ်ယူထားတာပေါ့။ ခွေးဆွဲထားတဲ့ ပုံမျိုးတော့ မဟုတ်ဘူးပေါ့။ အပြင်ထုတ်ထားတာ။

ခေါင်းတွေ ဖြတ်ထားတာက ၃ ခေါင်းပါ။ အဲဒီမြင်ကွင်းက ကျွန်တော်တို့ စမြင်တာတော့ ပထမဆုံး မြောက်ဘက်ဆုံးမှာ ရှိတဲ့ ခေါင်း ၁ ခေါင်း။ အဲဒါလည်း ကျွန်တော်တို့ ရွာကပဲ၊ အလယ်ကလည်း ကျွန်တော်တို့ ရွာကပဲ ၆၀ ကျော် အသက်ကြီး ၇၀ ဝန်းကျင်ရှိတယ်။ တောင်ဘက်ဆုံးကတော့ မျက်နှာကတော့ ဓားတွေ ဘာတွေနဲ့ လှီးထားတယ်ဗျာ။ မျက်နှာ ဓားတွေနဲ့ မွှမ်းထားတာရှိတယ်။ အဲဒီ ဒဏ်ရာတွေ တွေ့ရတယ်။ အလယ်က ဟာတော့ လျှာထွက်နေတယ်ဆိုပြီး ကျွန်တော်တို့လည်း ကြည့်လိုက်တယ်။ ဒါပေမဲ့ မဟုတ်ဘူးဗျ အစ်ကိုရေ။ ပြောရမယ်ဆိုရင် နည်းနည်း ညစ်ညမ်းတယ်လို့ ပြောရမှာပေါ့။ အဲဒီလူရဲ့ ကိုယ်အင်္ဂါကိုယ်မှ ဖြတ်ပြီးတော့မှ သူတို့ ပါးစပ်ထဲကို ထည့်ထားခဲ့တာ။ ဒါက တော်တော်လေးလည်း ယုတ်မာတယ်။ လုံးဝ ညစ်ညမ်းတယ်ပေါ့။ သူတို့လုပ်တာ။

အတည်ပြုလို့ရတာ ကျွန်တော်တို့ စီပါရွာက ၄ ယောက်ရှိတယ်။ ၄ ယောက်ထဲမှာ ပထမဆုံး ဦးတင်လှိုင်။ ဦးတင်လှိုင်က ခေါင်းဖြတ်ခံရတဲ့ အချိန်မှာ ညာဘက်ပြောရမှာပေါ့။ တစ်ခုတည်း ကွဲနေတာပေါ့။ အစဉ်တိုင်းဆိုရင်တော့ ညာဘက်စွန်းကဟာပေါ့။ အသက် ၇၀ ကျော် အမျိုးသား တစ်ဦးဖြစ်တဲ့ ဦးတင်လှိုင်။ သူရဲ့ ခေါင်းဖြစ်ပါတယ်။ အလယ်ကဟာကတော့ အစ်ကိုတို့ ပြောတဲ့ လျှာထွက်တယ်ဆိုတာ အဲဒါက စီပါရွာသား အသက် ၆၀ ကျော် ဦးကြောင်ပို ဖြစ်ပါတယ်။ ဘယ်ဘက်စွန်း မျက်နှာတွေ ဓားနဲ့ မွှမ်းထားတဲ့ဟာတွေကတော့ အတည်ပြုလို့မရဘူး။ ကျွန်တော်တို့ ရွာသားတွေမှာ ပျောက်ဆုံးသွားတဲ့ ရွာသားတွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာ လုံးဝအတည်မပြုနိုင်ဘူးပေါ့ဗျာ။

မေး။ ။ ဘာကြောင့် ဒီလောက်အထိ စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက်သတ်သွားတာလဲ။

ဖြေ။ ။ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတာ အဲဒါကတော့ သေချာတယ် အစ်ကိုရေ။ ဘာကြောင့်လဲဆိုတော့ ဒီစစ်ကြောင်းမှ မဟုတ်ဘူး ။ ကျန်တဲ့ သူတို့ မေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေ ဖြစ်ကောင်းဖြစ်မှာပေါ့။ သူတို့ သုံးစွဲပြီးလို့ လွှင့်ပစ်ထားခဲ့တာပေါ့။ အဲဒီမှာဆိုရင်လည်း ဘိန်းမည်းတို့ အဲဒီလိုမျိုးတွေ။ ဘိန်းမှုန့်ထုပ်တွေ ဘာတွေ ကျနော်တို့ သိမ်းဆည်းရမိတာတွေ ရှိတယ်။ သူတို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေ ကျွန်တော်တို့ နယ်မြေရှင်းတဲ့အခါကျတော့ ။ သေချာတာက ဒီစစ်ကြောင်းကတော့ သူတို့ စစ်ကြောင်းကြီး လုံးဝပြုတ်သွားတဲ့ဟာကို မကျေနပ်တဲ့အတွက် လုံးဝကို ရည်ရွယ်ချက်နဲ့ လာတာ။

ဒီနားမှာ ရှိတဲ့ ပြည်သူတွေကို တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ အနီးနားမှာ ရှိတဲ့ ပြည်သူတွေကို သူတို့ တွေ့တဲ့ မြင်တဲ့လူ အသက်ကြီးငယ် ကျား မ မရွေး သတ်မယ် ဖြတ်မယ်ပေါ့။ အဲဒီလိုမျိုး စိတ်နဲ့ကို သူတို့က လာတာ။ လာတဲ့အတွက် သူတို့မှာလည်း ခုနပြောတဲ့ အရက်သေစာ မူးယစ်စေတဲ့အရာ လူကို မူးယစ် စိတ်ကြွစေတဲ့ အရာတွေ သုံးပြီးတော့ ဒါမျိုးလုပ်တယ်လို့ ယူဆပါတယ်။ ပုံမှန်ဆိုရင် ပုံမှန်စိတ်နဲ့ဆို ဒါမျိုးလုပ်ဖြစ်ဖို့ဆိုတာက ဘယ်လိုမှကို မဖြစ်နိုင်ဘူး။

သူတို့ တပ်စွဲပြီးတော့ နေရာအနှံ့ အိပ်သွားတာတွေတော့ ရှိတာပေါ့နော်။ အရက်ပုလင်းတွေ ဆေးလိပ်တွေကတော့ အများအပြား တွေ့ရတယ်။ အရက်ပုလင်းအခွံတွေ ဘာတွေ။

မေး။ ။ အခု ဘုတလင်ဘက်မှာ နယ်မြေ စိုးမိုးမှု အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ သူတို့ စစ်ကြောင်းကတော့ အခုတော့ မနေ့က ညနေ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်ကနေ နောက်ဆုံး တပ်စွဲသွားတဲ့ စိုင်ပြင်လေး ကျေးရွာကနေ ပြန်ခေါက်သွားတယ်။ စိုင်ပြင်လေး ဘက်ကနေ ဒန်းတိုင်ဘက် ။ ပြီးမှ မြို့ထဲကို ဝင်သွားတယ်။ အခုလက်ရှိတော့ စစ်ကြောင်းက ဘုတလင်မြို့ထဲမှာ ရှိတယ်။ လက်ရှိ နယ်မြေအခြေအနေတွေကတော့ ပြည်သူလူထုကတော့ သိပ်ပြီးတော့ မကပ်ရဲဘူးပေါ့ဗျာ။ ဘယ်လိုလဲဆိုရင် ဒီ မီးရှိုခံ့ရတဲ့ ရွာတွေကလည်း များတာကိုးဗျ။

အထူးသဖြင့် စီပါလိုမျိုး ကျွဲသေချောင်း ဆည်ဝ စိုင်ပြင်လေးပေါ့။ ဒီ ၄ ရွာဆိုရင် လုံးဝဗျာ။ မီးရှို့ခံရတဲ့ အိမ်ခြေတွေကလည်း မနည်းဘူးပေါ့ဗျ။ ပြည်သူတွေက မီးရှို့ခံရတော့‌ နေစရာမရှိတဲ့အခါကျတော့လည်း မိမိရဲ့ နေရပ်ကို မပြန်နိုင်တာရှိတယ်။ နောက်တစ်ခုက အိမ်တွေ မီးထဲ မပါသော်ငြားလည်းပဲ စစ်ကြောင်း ပြန်ပြီးတော့ ထိုးလာမလား ၊ မီးရှို့တာတွေ လူသတ်တာတွေ ထပ်လုပ်မှာလားလို့ ပြည်သူတွေက စိုးရိမ်တဲ့အတွက် နေရပ်ကိုတော့ အခုထိ မပြန်နိုင်သေးဘဲနဲ့ စစ်ရှောင်နေတဲ့ အနီးအနားရွာတွေ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာပဲ ခိုကပ်နေရတုန်းပါပဲ။

မေး။ ။ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ စစ်ရှောင်တွေကတော့ ပြန့်နေတာပေါ့။ တချို့ကတော့ စာသင်ကျောင်းထဲမှာ နေတယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းမှာ နေတယ်။ တချို့ကျတော့လည်း ရွာတွေမှာရှိတဲ့ အသိမိတ်ဆွေတွေဆီမှာ သွားနေတာ။ သူတို့ စားဝတ်နေရေးက ဘယ်လိုဖြစ်လဲဆိုတော့ အခု အစားအသောက် ကိစ္စဆိုရင်တော့ တချို့ရွာတွေက စစ်ဘေးရှောင်တွေကို ရွာထဲမှာ ချက်ပြုတ်ကျွေးမွေးတယ်၊ တချို့နေရာတွေကျတော့လည်း ကိုယ့်မှာပါတဲ့ ဆန် ဆီ စားနပ်ရိက္ခာနဲ့ပဲ သူတို့ဘာသာ သူတို့ပဲ ချက်ပြုတ်စားသောက်ရတာတွေ ရှိတယ်။ စပြီးတော့ စစ်ရှောင်တုန်းက ဆိုရင်တော့ စစ်ရှောင်ခါစဆိုတော့ အဆင်ပြေသေးတာပေါ့။ ဘေးရွာတွေ ရှိတော့ ။

အခုက စစ်ရှောင်ရတာ ဘယ်လိုလဲ ဆိုတော့ စက်တင်ဘာ ၃၀ ရက်က စပြီး အခုထက်ထိပဲ ဆိုတော့ စစ်ရှောင်ကာလက ရှည်လျားလာတယ်ဆိုတော့ ကျန်တဲ့ ကျွေးထားတဲ့ ဘုန်းကြီးကျောင်းတို့ ရွာတွေကလည်း အခက်အခဲတွေ နည်းနည်းလေး ဖြစ်လာတာပေါ့။ အဲဒီတော့ ကိုယ့်အစီ အစဉ်နဲ့ ချက်ပြုတ်စားသောက်ရတာတွေ ရှိတယ်။ အခုတော့ ပရဟိတအဖွဲ့အစည်းတွေ၊ အလှူရှင်တွေကတော့ တဖြည်းဖြည်းချင်းနဲ့ စစ်ရှောင်နေရာတွေကိုတော့ အထူးသဖြင့် စားနပ်ရိက္ခာအတွက်ဆိုရင် ဆန် ဆီ ဆား အခြေခံ စားနပ်ရိက္ခာ လာရောက်လှူဒါန်းမှုလေးတွေ ရှိနေပါပြီ။ ဖြည်းဖြည်းချင်းတော့ ။

မေး။ ။ ဘုတလင်တစ်မြို့လုံးအနေနဲ့ စစ်ရှောင်အရေအတွက် လက်ရှိမှာ ဘယ်လောက်လောက်ရှိလဲ။

ဖြေ။ ။ မနေ့ကကိုက စစ်ကြောင်းက စိုင်ပြင်လေးကနေ ဒိုင်းတိုင်ဘက်ကနေ မြို့ထဲဝင်သွားတာဆိုတော့ သူတို့က အဲဒီ ဘုတလင်ကို စထိုးတုန်းကဆိုရင် ဘုတလင်မြို့ထဲမှာ အောက်တိုဘာလ ၁၁ ရက် ၁၂ ရက် အဲဒီ ဝန်းကျင်က ဘုတလင်မြို့တွင်းမှာလည်း မိသားစု ၆ ယောက်ကို ရက်ရက်စက်စက်သတ်တယ်။ ဘုတလင်နဲ့ အနီးနားဆုံးရွာဖြစ်တဲ့ မြောက်ကြည်ရွာမှာဆိုရင်လည်း မိသားစု ၇ ယောက်ကို သတ်တယ်။ ဒီလိုမျိုး မြို့နားနီးတဲ့ အရင်တုန်းက ဆိုရင်တော့ ဒါမျိုးတွေ မရှိဘူး။ အခု နောက်ပိုင်းမှာ မြို့နားနီးတဲ့ မြို့ပေါ် ရပ်ကွက်တွေ အနီးကပ်ဆုံး ရွာတွေကို သတ်ဖြတ်တာတွေ လုပ်လာပြီဆိုတော့ ဒီ စစ်ကြောင်းကြီး ပြန်ဝင်လာပြီဆိုတော့ ခုနပြောတဲ့ ဘုတလင်မြို့ထဲက လူတွေ မြောက်ကြည်ရွာက လူတွေက အကုန်လုံး ဒီဘက်ကို စစ်ဘေးရှောင်နေကြတယ်လို့ သိရတယ်။ စစ်ရှောင်တဲ့ ရွာကတော့ အတော်များတာပေါ့ အခုထက်ထိလည်း မပြန်ရသေးတဲ့ လူတွေနဲ့ဆိုတော့ ပြောရဖို့တော့ ခက်မယ်။ သောင်းနဲ့တော့ ချီမှာပေါ့။ တစ်သောင်းခွဲကျော် အဲဒီလောက်ကတော့ ရှိမှာပဲ။

မေး။ ။ အခု ဘုတလင်ထဲမှာ စစ်ကြောင်းထိုးသွားတဲ့ စစ်တပ်က ပြည်သူတွေကို စုစုပေါင်း ဘယ်လောက်တောင် သတ်သွားလဲ၊ ဘယ်ရွာတွေက အသတ်ခံရလဲ၊ ဖမ်းသွားတာ ဘယ်လောက်ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ လက်လှမ်းမီသလောက် အသေးစိတ်ကတော့ မသိရဘူး။ မသိရတဲ့အတွက် သူတို့ စပြီးတော့ နမခ ကနေ စပြီး ထိုးလာတဲ့ ဘုတလင်မြို့နယ် နှောပင်ရိုးတို့၊ ကံဆွယ်တို့၊ တရော်တောတို့၊ ယုန်လှေးကုန်းတို့ အဲဒီဘက်ကနေလည်း တစ်ရွာကို ၂ ယောက် ၃ ယောက် ဒီလိုမျိုးတွေ ဖမ်းဖမ်းလာတယ်လို့ သိရတယ်။ မိန်းကလေးတွေ ဘာတွေဆို တရောတော်တို့ဆို မိန်းကလေးတွေပါ ဖမ်းခံရတယ်လို့ ကြားမိတယ်။

ပြီးတော့ ဘုတလင်မြို့ထဲမှာလည်း ကြားမိတာက မုန့်ဆိုင်တစ်ဆိုင်က အမျိုးသမီးငယ်တွေကို သူတို့ ဆယ်ချီပြီးတော့ ဖမ်းလာတယ်လို့ ကြားတယ်။ နောက် မြောက်ကြည်တို့ အဲဒီဘက်မှာ တွေ့တဲ့ အမျိုးသားတွေ အဲဒီလိုမျိုး သူတို့ လမ်းပြအဖြစ် ရှာပြီးတော့ ဖမ်းပြီးတော့ စစ်ကြောင်းထိုးလာတာပေါ့။ အဲဒီတော့ ခုနပြောတဲ့ စစ်ကြောင်းတစ်လျှောက်က ရွာတွေကတော့ တစ်ယောက် ၂ ယောက် အဖမ်းခံရတာမျိုးတွေ ရှိတယ်။စီပါရွာမှာဆိုရင်လည်း ကြားမိတာကတော့ ၃ ယောက် လောလောဆယ် အဆက်အသွယ်မရဘူး။ သားအမိ ၂ ယောက် ။ မိန်းကလေးငယ် ၁ ယောက်နဲ့ အမျိုးသမီးကြီး ၁ ယောက်။ ပြီးတော့ အမျိုးသား တစ်ယောက်ကတော့ လောလောဆယ်တော့ မတွေ့ရသေးဘူး။ စစ်တပ်ကပဲ ဖမ်းသွားတယ်လို့ ထင်တယ်။

မေး။ ။ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တာနဲ့ ပတ်သက်လို့ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေကို ဘာပြောချင်လဲ။

ဖြေ။ ။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းတဲ့ အချိန်က စပြီး ကျနော်တို့ ပြည်သူတွေကတော့ စိတ်ရော ကိုယ်ရော အခုလက်ရှိ စိတ်ဒုက္ခ ကိုယ်ဒုက္ခရောက်နေကြတယ်။ အခုလက်ရှိဆိုရင် ကျွန်တော်တို့ အညာဒေသမှာ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသမှာ စစ်တပ်က အကြမ်းဖက်မှုတွေကို ပိုပြီးတော့ ဆိုးရွားလာနေတာရှိတယ်။ သူတို့က ဘာလဲဆိုတော့ ပြည်သူတွေ ၊ PDF တပ်ဖွဲ့တွေ လှုပ်ရှားလို့ မရအောင် သူတို့က အကုန်လုံး သူတို့ ရတဲ့ နည်းလမ်းမှန်သမျှကို သုံးပြီးတော့ အကြမ်းဖက်နေတာ ဖြစ်တယ်။

ပြည်သူတွေကတော့ သူတို့ ဘယ်လိုပဲ အကြမ်းဖက်နေပါစေ ။ ဒီမိုကရေစီ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင် ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ကို မရောက်မချင်း လျှောက်လှမ်းနေမှာ ဖြစ်တယ်။ သူတို့ကတော့ ကြောက်အောင်လို့ သတ်ပြတယ်၊ မီးရှို့ပြတယ်ဆိုပေမယ့် ကျနော်တို့က သေမှာ မကြောက်လို့ ဒီလမ်းကို လျှောက်ခဲ့တာဖြစ်တယ်၊ အဲဒီတော့ သူတို့ ဘယ်လိုပဲ ကျနော်တို့အပေါ်မှာ ရက်စက်ပါစေ။ ကျနော်တို့ ပြည်သူတွေဟာ ပိုပြီးတော့ နာကျည်းလေလေ ပိုပြီးတော့ မုန်းတီးပြီးတော့ ပိုပြီးတော့ တော်လှန်လာလေလေပဲ ဖြစ်မှာပါ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article