28 C
Yangon

တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်နေ၊ AA က တောင်ကုတ်မြို့ရှိ စစ်တပ် တပ်ရင်းအားလုံးကို ပိတ်ဆို့ထား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီးနှင့် ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ် နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၁၀၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု တအားပြင်းတယ်။ စစ်ကောင်စီက ဗုံးအလုံးကို ရာနဲ့ချီပြီးကျဲချတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်ကပြောဆိုသည်။

တောင်ကုတ်တိုက်ပွဲသည် မြို့ပေါ်နှင့်အလွန်နီးကပ်လာနေပြီး ၇ မိုင်ပတ်လည်တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ စကခ ၅ နှင့် ၃ မိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တောင်ကုတ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရင်းများကို အာရက္ခတပ်တော် AA က လနှင့်ချီ ဝိုင်းရံ ပိတ်ဆို့ပြီးနောက် အောက်တိုဘာလ နောက်ဆုံးအပတ်ကစ၍ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက မြို့အပြင်မှာဆိုပေမယ့် စစ်ကောင်စီ လေကြောင်းက တိုက်ပွဲဖြစ်ရာကို ဗုံးကျဲခဲ့တာက တောင်ကုတ်မြို့ အလယ်ဗဟိုတည့်တည့်ကနေပြီး လေယာဉ်နဲ့ ဗုံးကျဲသွားတာ မြို့ခံတွေက ကြောက်ကြတာပေါ့။ တခြားနေရာကနေ ဗုံးသွားကျဲလည်း ရတာပဲ။ မဟုတ်ဘူး မြိုအလယ်တည့်တည့်ကနေပြီး AA ရှိရာနေရာတွေကို ဗုံးကျဲတိုက်ခိုက်နေတယ်။ တစ်ဖက်က ပြန်ပစ်ရင် အကုန်လုံးနာကြမယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ပန်းမြောက်တောင် အမြောက်တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာရက္ခတပ်တော် AA ဘက်က တောင်ကုတ်မြို့အဝင် တက္ကသိုလ်အနီးရှိ ဌာနပေါင်းစုံရှိသည့် စစ်ကောင်စီ စစ်ဆေးရေးမောင်းတံဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တောင်ကုတ်ကို မတိုက်ခင် အမ်းကို အရင် ထိုးစစ်အရှိန်မြှင့်တယ်။ တစ်ပတ်ကျော်မှာ တောင်ကုတ်စစ်မျက်နှာဖွင့်တယ်။ အဓိက အမ်းကို တောင်ကုတ်က စစ်ကူမပေးနိုင်အောင်ပေါ့။ ကြားမှာလည်း မအီကို တပ်တော်က သိမ်းထားပြီဆိုတော့ အခု စစ်ရေးက ပြောရရင် တောင်ကုတ်မှာရော၊ အမ်းမှာရော AA က အသာစီးရနေတယ်လို့ ပြောရမယ်။ ပန်းမြောက်တောင် အမြောက်တပ်ရင်းကို ရက်ပိုင်းအတွင်းပဲ သိမ်းလိုက်တာကိုကြည့်ရင် သိနိုင်ပါတယ်” ဟု ဒေသတွင်း သတင်ရင်းမြစ်က ပြောဆိုသည်။

AA ၏ တိုက်ခိုက်မှုကြောင့် မောင်းတံဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုရဲအုပ်အဆင့်ရှိသူ ၁ ဦးနှင့် ရဲတပ်သားငယ် ၁ ဦး ဒဏ်ရာ အပြင်းအထန်ရပြီး စစ်ဆေးရုံ၌ ဆေးကုသမှုခံနေစဉ် နိုဝင်ဘာလ ၂ ရက်နေ့တွင် သေဆုံးသွားကြောင်း၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ စကခ (၅) တပ်မ၊ ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းတို့ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် တောင်ကုတ်မြို့ထဲတွင် အရပ်သားပြည်သူ ၆ သောင်းကျော်ပိတ်မိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပြင်ထွက်ခွင့်မပြုဘဲ ပိတ်လှောင်ထားကာ လူသားဒိုင်းကာအသုံးပြုနေကြောင်း သိရှိရသည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article