35 C
Yangon

ဘုတလင်တွင် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေပြီး သပြေပင်ရွာ၌ တပ်စွဲ၍ နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ အနီးဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

Must read

ဘုတလင်တွင် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေပြီး သပြေပင်ရွာ၌ တပ်စွဲ၍ နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ အနီးဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ဘုတလင်တွင် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေပြီး သပြေပင်ရွာ၌ တပ်စွဲ၍ နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ အနီးဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သပြေပင်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး ရွာထဲ၌ တပ်စွဲ၍ ပြည်သူပိုင် နေအိမ်များကို စိတ်ကြိုက် မွှေနှောက် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အနီးဝန်းကျင်ရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ကျေးရွာနေ ပြည်သူအားလုံးထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ဘုတလင်မြို့နယ်အတွင်းရှိ သဖန်းရွာကို ၂ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် အသက် ၇၀ အရွယ် ဦးစန်းလွင်ကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ် ၄၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးပြီးနောက် ဘုတလင်မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကတည်းက သပြေပင်ရွာကို ဝင်ပြီး အခုချိန်ထိ တပ်စွဲထားတယ်။ အခုလက်ရှိတော့ နေအိမ်တွေကို ရှာဖွေဖျက်ဆီးနေတယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သဖန်းရွာမီးရှို့ခဲ့ပြီး ဘုတလင်မြို့ထဲကို ခဏဝင်ပြီး ပြန်ထွက်လာတဲ့စစ်ကြောင်းပဲ ပြည်သူတွေက တိမ်းရှောင်နေကြရတာ ၁ လနီးပါးရှိတော့မယ်။ ပြည်သူတွေ ဖမ်းမိတာတော့ မကြားရသေးဘူး။ ဒီစစ်ကြောင်းက မြို့ထဲမှာခဏပဲနားပြီး ရွာတွေကို အကြိမ်ကြိမ်ဝင်ရောက် စစ်ကြောင်းထိုးနေတာ နေအိမ်တွေကို မီးရှို့ရင်ရှို့ မရှို့ရင် ရှိသမျှပစ္စည်းခိုးယူသယ်ထုတ်ပြီး ရှာဖွေဖျက်ဆီးတာတွေ ပြုလုပ်နေကြတယ်။ သပြေပင်ရွာဆိုရင် မြို့နဲ့ နီးနေတော့ စစ်ကြောင်းဝင်တာ ၃ ကြိမ်ထက်မနည်းတော့ဘူးလို့ သိရတယ်။ ဝင်ချည်ထွက်ချည် လုပ်နေကြတယ်လို့သိရတယ်။ အခုလက်ရှိတော့ မီးရှို့တာ မရှိသေးဘူး။ မနေ့ကတည်းက အခုထိတပ်စွဲထားတယ်။ နောက်ပြီး ပြည်သူတွေ ရွာအနီးကပ်မရဲအောင် လက်နက်ကြီးနဲ့ ထုတာတွေရှိတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

ဘုတလင်မြို့နယ်အတွင်းရှိ သဖန်းရွာ၊ သပြေပင်ရွာ၊ မြောက်ကျီရွာ၊ ရှမ်းတဲရွာနှင့် နှောရင်းရွာတို့သည် ဘုတလင်မြို့၏ အနီးဝန်းကျင်တွင် ရှိသော ကျေးရွာများဖြစ်သောကြောင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဆက်တိုက် ဝင်ရောက် စီးနင်းနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁ လနီးပါးခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article