နတ်တလင်းတွင် စစ်တပ်အတွက် တပ်သားသစ် စုစောင်းပေးနေသော လဝကရုံးတွင် အလုပ်လုပ်ကိုင်သည့် ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် စုစောင်းပေးနေသော လဝကရုံးတွင် အလုပ်လုပ်ကိုင်သည့် ဇော်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Phoenix -D F မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ရွာသာယာရွာနှင့် ကွင်းစမ်း ကျေးရွာတို့တွင် စစ်မှုထမ်းရန် လူလိုက်စုနေသော အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင် ဇော်ဝင်းဆိုသူကို သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း၊ တပ်ရင်း – ၃၈၀၁ ၊ တပ်ခွဲ-၂ (Phoenix DF) မှ ရဲဘော်များက ဝင်ရောက်ဖမ်းဆီးရာ ပြန်လည် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
“သူက လဝကရုံးမှာ အလုပ်လုပ်တယ်လို့ သိရတယ်။ ဝန်ထမ်းလား။ ဘာလားတော့ မသိရဘူး” ဟု နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Phoenix -D F မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
သေဆုံးသွားသော ဇော်ဝင်းသည် ရန်ကွင်းစမ်းရွာ နှင့် ရွာသာယာကျေးရွာမှ လူငယ်များကို စာရင်းလိုက်ကောက်ပြီး တစ်ဦးလျှင် ၆ သိန်း နှုန်းပေးမည်ဟုဆိုကာ စစ်မှုထမ်းရန် စုဆောင်းခြင်း၊ နတ်တလင်းမြို့နယ် လဝက ရုံးတွင်လည်း မှတ်ပုံတင်လုပ်ပေးမည်ဟုဆိုကာ ငွေတောင်းခြင်း တို့လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
စစ်တပ် ထောက်တိုင် ဇော်ဝင်းကို ပစ်ခတ်တိုက်ခိုက်ချိန်တွင် ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး ယင်းဖုန်း အတွင်းမှ စစ်မှုထမ်းရန် စာရင်းကောက်ခံထားသော လူငယ်များ၏ အချက်လက်များ အိမ်ထောင် စုစာရင်းများ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် စစ်သား၊ ရဲ ၊ ပျူစောထီးများနှင့် စစ်ကောင်စီ ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ဒေါက်တိုင်များအနီး သွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Phoenix -D F မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။