ရန်ကုန်၊ နိုဝင်ဘာ ၁၉
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တလိုင်းရပ်ပျူစောထီးရွာမှ ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်ရန် ထွက်လာသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူစောထီးရွာမှ ကင်းပတ်ရန် ထွက်လာသော ပျူစောထီးများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တော်လှန်ရေး တပ်ဖွဲ့များက တလိုင်းရပ် (ရွာသစ်) ပျူစောထီးရွာ အတွင်းထိ ကင်းပုန်းဝပ်နေရာယူပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပျူစောထီး ခေါင်းဆောင် ကျော်မင်းထူး၏ အလောင်းအပါအဝင် အလောင်း ၂ လောင်း၊ type-81 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ Dayang အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ၇.၆၂ ကျည်၂၀ တောင့်၊ ကာဘိုင်ကျည် ၂၁ တောင့်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ခိုက်မှုကတော့ ဒီနေ့ဖြစ်ခဲ့တာပါ။ မနက် ၉ နာရီဝန်းကျင်လောက်က ဝင်ရောက် တိုက်ခိုက်ခဲ့တာ တလိုင်းရပ်ပျူစောထီးရွာထဲကို ဆိုင်ကယ် ၂ စီးနဲ့ ပျူစောထီး ၄ ကောင် ကင်းလှည့် လာတဲ့ အချိန် တိုက်ခိုက်ခဲ့တာ ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်” ဟု အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) က တလိုင်းရပ် ပျူစောထီးအထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်း အပါအဝင် လက်နက်ခဲယမ်း တချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar