ရန်ကုန်၊ ဒီဇင်ဘာ ၃
စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံက ကမ္ဘာ့ငွေကြေးခဝါချမှု အန္တရာယ်အများဆုံးသော နံပါတ် ၁ နိုင်ငံအဖြစ် အဆင့်သတ်မှတ်ခံရပြီး ထိပ်တန်းနိုင်ငံအဖြစ် စာရင်းဝင်လာကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက်Basel Institute on Governance က အစီရင်ခံစာထုတ်ပြန်လိုက်သည်။
ယခု ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်လိုက်သော 2024 Basel AML Index အရ မြန်မာနိုင်ငံက ကမ္ဘာ့အန္တရာယ်အများဆုံး ငွေကြေးခဝါချသည့် နံပါတ် ၁ နိုင်ငံအဖြစ် အဆင့်သတ်မှတ်ခံရကြောင်း၊ ဟေတီနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က ဒုတိယနှင့် တတိယနေရာတွင် အသီးသီး ရပ်တည်နေကြောင်း ၊ အာဖရိကနိုင်ငံများမှာလည်း ငွေကြေးခဝါချသည့် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်လာကြောင်း သိရှိရသည်။
ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေး Basel Institute on Governance (Basel AML Index) က နိုင်ငံများကို အညွှန်းကိန်း ၁၈ခု ဖြင့် အကဲခတ်ဆုံးဖြတ်၍ အဆိုပါစာရင်းကို ထုတ်ပြန်လိုက်ရာ အကဲဖြတ်သည့် အညွန်းကိန်းများတွင် ဥပဒေစိုးမိုးမှုနှင့် ဥပဒေများ အရည်အသွေး ၊ အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု အန္တရာယ်၊ ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံရေးနှင့် ဥပဒေဆိုင်ရာ အန္တရာယ်တို့ ပါဝင်ကြောင်း သိရှိရသည်။
ကမ္ဘာ့ ငွေကြေးခဝါချမှု အန္တရာယ်အများဆုံးသော ၁၀ နိုင်ငံတွင်
နံပါတ် ၁- မြန်မာ
နံပါတ် ၂ ဟေတီ
နံပါတ် ၃ – ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ – ၇.၇၃
နံပါတ် ၄ – ချဒ်
နံပါတ် ၅ – ဗင်နီဇွဲလား
နံပါတ် ၆ – လာအို
နံပါတ် ၇ – ဗဟိုအာဖရိကသမ္မတနိုင်ငံ
နံပါတ် ၈ – ဂါဘွန်
နံပါတ် ၉- ကွန်ဂိုသမ္မတနိုင်ငံ
နံပါတ် ၁၀- ဂီနီဘစ်ဆော တို့ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် ကြေညာခြင်းဖြစ်ကြောင်း၊ FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar