31 C
Yangon

စစ်ကောင်စီနှင့် ဆက်ဆံရေးမကောင်းသော မလေးရှားနိုင်ငံမှ ဆီအုန်းလုပ်ငန်းများသို့ မြန်မာအလုပ်သမားများ စေလွှတ်ခွင့်မပြုဘဲ တရားဝင် ပိတ်ပင်ဟု ကြေညာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မလေးရှားနိုင်ငံ၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများသို့ မြန်မာအလုပ်သမားများ စေလွှတ်ခွင့်မပြုဘဲ တရားဝင် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများထံသို့ တရားဝင် အကြောင်းကြား ကြေညာလိုက်ပြီး အေဂျင်စီအားလုံးလိုက်နာရမည်ဟု အသိပေးအကြောင်းကြားသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်ကောင်စီက ထိုသို့ ကြေညာလာခြင်းဖြစ်ပြီး နိုဝင်ဘာလနှောင်းပိုင်းမှစတင်၍ မလေးရှား၊ဆီအုန်းခြံများသို့ အလုပ်သမားစေလွှတ်မှုများ ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ကြောင်း၊ ယခုအခါတွင်မူ မလေးရှား ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများသို့ အလုပ်သမားလုံး၀ စေလွှတ်ခွင့်မပြုတော့ဟု တရားဝင် စာထုတ် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“နိုဝင်ဘာတုန်းကတော့ စာမထုတ်ဘူး။ အကြောင်းကြားရုံပဲ။ အခုကတော့ လုံး၀ လွှတ်ခွင့်မပေးဘူးလို့ စာထုတ်တာ။ လွှတ်လို့လည်းမရတော့ဘူး။ အကြောင်းပြချက်ကတော့ ဘာမှ မပေးထားဘူး။ ဒါပမေယ့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းတွေမှာ တစ်လ ရင်းဂစ် ၁၅၀၀ လောက်ပဲရတယ်။ တွက်ခြေမကိုက်တာရယ်၊ နောက်တစ်ခုက မလေးရှားနဲ့ မြန်မာစစ်တပ်ကလည်း ဆက်ဆံရေးလည်း သိပ်မကောင်းဘူး” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်မှုမှာလည်း အလွန်နည်းပါးနေပြီး အထူးသဖြင့် နှစ်နိုင်ငံ အစိုးရချင်းဆက်ဆံရေးလည်း ကောင်းမွန်မှုမရှိကြောင်း၊ ယင်းအခြေအနေကလည်း အလုပ်သမားများ စေလွှတ်မှုအပေါ် နှစ်နိုင်ငံ ဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှုလည်း မရှိသလောက် ဖြစ်နေကြောင်း၊ စစ်ကောင်စီနှင့် မလေးရှားနိုင်ငံအကြား သံတမန်ဆက်ဆံရေးမှာလည်း အလွန်အေးစက်စက်ဖြစ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် မည်သည့် နိုင်ငံသို့ စေလွှတ်သည်ဖြစ်စေ စေလွှတ်လိုက်သည့် အလုပ်သမားက အခွန်ဆောင်စေရေး၊ ရရှိသော ပြည်ပအလုပ်အကိုင်မှ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲပြောင်းရေး၊ ပြည်ပရောက် အလုပ်သမားများ စစ်မှုထမ်းရန် ဆင့်ခေါ်ပါက ပြည်တွင်းသို့ ပြန်လာရေး အေဂျင်စီများက တာဝန်ယူကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားချိန်တွင် မလေးရှားနိုင်ငံ၊ ဆီအုန်းလုပ်ငန်းများသို့ သွားရောက်မှုကို စတင်ပိတ်ပင်လာခြင်းလည်းဖြစ်သည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ ရာထူးကို ရယူမည်ဖြစ်ပြီး မြန်မာစစ်ကောင်စီကို အာဆီယံဘုံသဘောတူညီချက်များ လိုက်နာရန်၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ရန် ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article