18 C
Yangon

အုတ်ဖို၊ လက်ပံတန်းနှင့် ကြို့ပင်ကောက်တို့တွင် စစ်မှုထမ်း အပတ်စဉ် ၁၉ အတွက် လူငယ် ၁၇ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး၊ အုတ်တွင်းတွင် ရဲများက လူငယ်များကို ဖမ်းဆီး ငွေညှစ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၁၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ အလယ်ကုန်းအုပ်စုအတွင်းရှိ တင်းကုတ်စုရွာ၊ အလယ်ကုန်းရွာ၊ အလယ်ကုန်း(တောင်) ရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၀ ကျော်က ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ်များ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် တင်းကုတ်စုရွာမှ ကိုမျိုးမင်းဇော်၊ ကိုပြည့်စုံ၊ ကိုမိုးဒီ၊ ကိုအေးမင်း၊ ကိုအေး၊ ကိုစိုးမိုးအောင်၊ ကိုခေါလေး၊ ကိုဇော်ဝင်း အပါအဝင် လူငယ် ၁၁ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်ကောင်စီ တပ်သားများက အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ ပေါ်တာဆွဲမှုများ ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အုတ်ဖိုမြို့နယ်အတွင်းရှိ အလယ်ကုန်းအုပ်စု၊ ငါးရှည့်ရိုးအုပ်စု၊ တင်းကုတ်ကြီးအုပ်စု၊ တောင်ကုန်းအုပ်စု၊ မြောင်အုပ်စု၊ သရက်နှစ်ဖျားလိန်အုပ်စုနှင့် သဖန်းပင်ဆိပ်အုပ်စု အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးမည်ဆိုသော သတင်းကြောင့် လူငယ်များ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး လက်ရှိချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင်လည်း ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆင်ကူးရွာသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သိန်းဝင်း၏ သတင်းပေး တိုင်ကြားမှုကြောင့် ရွာသစ်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ကျေးရွာသား ကိုကြွက်သိုး၊ ရေပြန်စေတီစုရွာသား ကို ထွန်းထွန်းနှင့် ကိုသီဟဇော်တို့ကို နေအိမ်ထဲထိ ဝင်ရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားသူများထဲမှ ကိုသီဟဇော်ကို မိသားစုဝင်များက ငွေကျပ် သိန်း ၁၃၀ ဖြင့် ပြန်လည် ရွေးထုတ်နိုင်ခဲ့သော်လည်း ကိုကြွက်သိုးနှင့် ကိုထွန်းထွန်း ၏ မိသားစုဝင်များသည် အကြမ်းဖက် စစ်တပ်က တောင်းခံသော ငွေကြေး ပေးနိုင်ခြင်းမရှိသောကြောင့် လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ လ ၁၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ အုန်းနှဲကျောတန်းကျေးရွာအုပ်စုရှိ အုန်းနှဲကျောတန်း (အရှေ့စု) ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကားများဖြင့် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူများ၏ နေအိမ်များမှ တံခါးများကို ခြေထောက်ဖြင့် ကန်ဖွင့်ပြီး လူငယ်များကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ကိုသန်းထိုက်ဦး၊ ကိုကျော်မင်းနိုင်နှင့် ကိုသန်းဇော်ထွဠ် တို့၃ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ကျန်နေအိမ်များမှ လူငယ်များ အားလုံး ထွက်ပြေးသွား၍ နေအိမ်အတွင်းရှိ ကလေးငယ်များကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး စစ်ကားများဆီ ခေါ်ဆောင်သွားချိန် အရာရှိတစ်ဦးမှ ကလေးများကို ဓားစာခံ ဖမ်းဆီးလာသော စစ်ကောင်စီ တပ်သားများကို ဆဲဆိုမှုများ လုပ်ဆောင်ပြီး ပြန်လွှတ်ခိုင်းခဲ့ကြောင်း သိရှိရသည်။

“ကလေးတွေ ဖမ်းပြီး ပြန်လာလို့ စစ်ဗိုလ် တစ်ယောက်က ရောက်လာပြီး ကလေးတွေကို ဘာလို့ဖမ်းလာတယ်ဆိုပြီး ဆဲဆိုနေသံတွေ ကြားရတယ်။ မင်းအဖေလေးတွေ ဖမ်းထားလည်း ပြေးတဲ့သူက ပြန်မလာဘူး ပြောဆို၍ ကလေးတွေကို ပြန်လွတ်ခိုင်းတယ်။ သူတို့ ပေါ်တာဆွဲ ဖမ်းလာတဲ့ လူငယ် ၃ ဦးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးသွားသော လူငယ် ၃ ဦးကို ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းတွင် အုပ်ချုပ်ရေးမှူးက လိုက်လံ၍ ကျေးရွာအတွင်း စစ်မှုထမ်း ထောက်ပံ့ကြေး လစဥ်ပေးနေသူများဖြစ်၍ ပြန်လွှတ်ပေးရန် သွားရောက် တောင်းပန်ခဲ့ပြီး စစ်သားများမှ တစ်ဦးလျှင် လက်ဖက်ရည်ဖိုးဟုဆိုကာ ငွေကျပ် ၃ သိန်းစီတောင်းခံပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တွင် ကျွဲပွဲရဲစခန်းမှ ရဲများက လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးပြီး တစ်ဦးကို ငွေကျပ် ၇၅ သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလပိုင်းမှာ စတင်၍ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တွင် ကျွဲပွဲရဲစခန်းမှ ရဲများက ပြည်သူများကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၂၀ ဦးထက်မနည်းဖမ်းဆီးခံရပြီး တစ်ဦးလျှင် ငွေကျပ် ၇၅ သိန်းဖြင့် ပြန်ရွေးခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သားများ ဖမ်းဆီးရမိသော လူငယ်များ၏ မိသားစုဝင်များကို ကျွဲပွဲမြို့ရှိ ပျူစောထီး မောင်မြဆိုသူက ပွဲစား ပြုလုပ်၍ လိုက်လံရွေးထုတ်ပေးနေခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သားများ တောင်းသည့် ငွေပေးနိုင်ခြင်းမရှိသူများကို တပ်သားသစ် စုဆောင်းရေးထံ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွဲပွဲမြို့မှာ ကျွဲပွဲရဲစခန်းက ရဲတွေက မြို့အနီးမှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းရမယ်ဆိုပြီး အတင်း အဓမ္မပေါ်တာဆွဲ လိုက်လံ ဖမ်းဆီးနေတာ သူတို့ဖမ်းဆီးပြီး တစ်ဦးဆီကို ငွေကျပ် ၇၅ သိန်း ပေးရမယ်ဆိုပြီး မိသားစုတွေ ဆီကနေ ငွေညှစ်တာတွေရှိတယ်။ အဲတာကို ပွဲစားလုပ်ပြီး ညှိနှိုင်းပေးတာက ပျူစေားထီး မောင်မြဆိုတဲ့သူက လုပ်ပေးနေတာ ကျနော်သိရသလောက်တော့ ကျွဲပွဲမြို့ ရွာသာရွာက ကိုသူ ၊ ကျွဲပွဲမြို့ မန်ကျီပင်အင်းရွာက ကိုဝေယံထွန်းနဲ့ ငှက်ပျောတောရွာက လယ်ထဲမှာ အလုပ်လုပ်နေတဲ့ လူငယ် ၃ ဦးကို ဖမ်းဆီးငွေညှစ်ခဲ့တယ်။ မိသားစုဝင်တွေက ငွေပေးပြီးပြန်ထုတ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၃ ခုနှစ် ဧပြီလ အတွင်း ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားစဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၃ ခုနှစ် ဧပြီလ အတွင်း ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားစဉ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article