31.5 C
Yangon

AA နှင့်တော်လှန်ရေးတပ်များကို ကြောက်လန့်၍ ချောင်းသာနှင့်ငွေဆောင်တွင် စစ်တပ်က အင်အားတိုးမြှင့်ပြီး စစ်သင်္ဘောတချို့ ကင်းလှည့်၊ လမ်းခရီးနှင့်ဂိတ်များတွင် မှတ်ပုံတင်၊ လက်ကိုင်ဖုန်းများကို တင်းကျပ်စွာ စစ်ဆေးနေ

Must read

ရန်ကုန်| ဇန်နဝါရီ ၁၄

ရခိုင်ပြည် ဂွမြို့နှင့်နီးသည့် ဧရာဝတီတိုင်းထဲက မကျီးဇင်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရွှေသောင်ယံ၊ ငွေဆောင်နှင့်ချောင်းသာဘက်များတွင် စစ်အင်အားတိုးမြှင့်ချထားသည့်အပြင် လမ်းခရီးနှင့် ဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ စစ်သင်္ဘောတချို့ကလည်း ငွေဆောင်နှင့်ချောင်းသာ တကြောတွင် ကင်းလှည့်နေကြောင်း၊ လေယာဉ်များဖြင့်လည်း မကြာခဏ ပျံဝဲ လှည့်လည်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။

လတ်တလော အာဏာသိမ်း စစ်ကောင်စီသည် ချောင်းသာမြို့တွင် အထိုင်တပ်စခန်း ၂ ခု ထပ်မံ တိုးချဲ့ တပ်စွဲထားကြောင်း ပုသိမ်သတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ – ယခုရက်ပိုင်းအတွင်း ငွေဆောင်နှင့်ချောင်းသာဘက်တွင် ကင်းလှည့်နေသည့် စစ်သင်္ဘောအုပ်စုနှင့်လေယာဉ်တချို့။

“အခုတလော ငွေဆောင်နဲ့ ချောင်းသာဘက်ကို စစ်သင်္ဘောတွေ လှည့်တယ်။ လမ်းခရီးမှာလည်း အရမ်းစစ်တယ်။ မှတ်ပုံတင်နဲ့ လက်ကိုင်ဖုန်းတွေ စစ်တယ်။ ရခိုင်ဆိုရင် ပိုစစ်တယ်။ စစ်ကားတွေလည်း ချောင်းသာနဲ့ငွေဆောင်ဘက် ရွှေသောင်ယံဘက်ကို နေ့တိုင်းတက်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

မကျီးဇင်ဘက်မှ စစ်ကောင်စီတပ်စခန်းတချို့ကို အာရက္ခတပ်တော် AA နှင့်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက စစ်ရေး ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ လော်ဘီများကလည်း ရွှေသောင်ယံဘက်မှာ တိုက်ပွဲမရှိဘဲ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ယမန်နေ့က ဒေသခံများဖြင့် သွားရောက်တွေ့ဆုံခဲ့သည်ဟု သတင်းဖော်ပြနေကြသည်။

ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပုသိမ်၏ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ ရွှေသောင်ယံမြို့ တပင်မှော်အမြောက်တပ်နှင့် ဝက်သေကျေးရွာတွင် စစ်ကောင်စီက အင်အားဖြည့်အထိုင်ချကာ ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။

ကျောက်မောင်နှမ ဘက်တွင်လည်း စစ်ကောင်စီက တပ်စွဲထားပြီး သံချပ်ကာကားများဖြင့် အထိုင်ချထားကြောင်းနှင့် ဇန်နဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့က တပင်မှော်အမြောက်တပ်က လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများမှာ ထိလန့်နေကြသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပုသိမ်က ဆိုသည်။

ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ပုသိမ် စသည့် ဧရိယာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ၏ အသွားအလာကို စစ်ဆေးမှု တင်းကျပ်လျက်ရှိပြီး ငွေကြေးတောင်ခံမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article