ရန်ကုန်၊ ဇန်နဝါရီ ၁၅
ပဲခူးတိုင်း၊ ပေါင်းတလည်-ပေါက်ခေါင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲ သတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီ ၁၀ ရက်နေ့ ပေါင်းတလည်မြို့၊ မြောင်းဆုံအုပ်စု၊ ပိုရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ ပူးပေါင်း ဖွဲ့စည်းထားသော အနက်ရောင်သေမင်းတမန်အဖွဲ့က ဒေသပြည်သူ ၂ ဦးကို PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ဒေသပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများတွင် အနက်ရောင်သေမင်းတမန်အဖွဲ့ စာတန်း ချိတ်ဆွဲ၍ ပေါင်းတလည်-ပေါက်ခေါင်း လမ်းပိုင်းဘေးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် အဆိုပါ ရုပ်အလောင်းများကို စစ်ကောင်စီတပ်သားများက ပြည်ဆေးရုံကြီးကို သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ အနက်ရောက်သေမင်းတမန်အဖွဲ့က ၎င်းတို့ သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားပြီး ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များကလည်း သေဆုံးသူ ၂ ဦးသည် PDF တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ပြောဆိုသည်။
“ပေါင်းတလည်မြို့၊ ပိုရွာအနီးက ပေါင်းတလည်-ပေါက်ခေါင်း လမ်းပိုင်းမှာ စစ်ခွေးတွေက ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို စွန့်ပစ်ခဲ့တာပါ။ စစ်ခွေးတွေက သူတို့ သတ်ဖြတ်တာကို ဝန်ခံထားတယ်။ ဒါပေမယ့် သူတို့ စွပ်စွဲသလို သတ်ဖြတ်ခံရသူ ၂ ဦးက PDF ရဲဘော် တွေမဟုတ်ပါဘူး။ ဘယ်မှာနေထိုင်တဲ့ ပြည်သူတွေဆိုတာ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟုဒေသတော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။
အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်၊ ဆင်လူးအုပ်စု၊ ကျေးရွာချင်းဆက်လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ အနက်ရောင်သေမင်းတမန်အဖွဲ့က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar