ရန်ကုန်၊ ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခု ဇန်နဝါရီလ ဒုတိယအပတ်မှစတင်၍ NUG က စစ်ကိုင်းတိုင်းတွင် အခြေချမည်ဖြစ်ပြီး ရွှေဘိုမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်တော့မည်ဆိုသော သတင်းများ အလျှင်အမြန် ပြည်သူများအကြား ပြန့်နှံ့လာနေကြောင်း၊ ထိုသို့ ပြန့်နှံ့လာသည့်အတွက် စစ်တပ်က လုံခြုံရေးများ တိုးမြှင့်ပြီး လူငယ်များကိုလည်း ယခင်ထက်ပို၍ ဖမ်းဆီး လာကြောင်း သိရှိရသည်။
“ဝက်လက်ပြီးရင်ရွှေဘိုကိုသိမ်းမယ်ဆိုတဲ့သတင်းတွေ ကြောင့် စစ်တပ်ကရွှေဘိုမြို့ကို လုံခြုံရေးတိုးမြှင့်ချထားတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှာ မြို့ပေါ်မှာ လူအသွားအလာကို အတော်ကိုနည်းနေတယ်” ဟု ရွှေဘိုဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် လူငယ်များကို ညမထွက်ရအမိန့် သတင်းမှား ဖြန့်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က အကြောင်းပြ ဖမ်းဆီး၍ ငွေညှစ်နေမှုများလည်းရှိနေကြောင်း သိရှိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ရွှေဘိုမြို့အတွင်း ညနေ ၄ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရဆိုသော သတင်းများ ပြည်သူများကြား ပြန့်နှံ့ခဲ့ပြီးနောက် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်တပ်က မြို့မဈေးကြီးနှင့် အခြားဈေးဆိုင်များမှ စျေးသည့် စျေးဝယ်နေသည့် ပြည်သူ များနှင့် ဆန်ပွဲရုံတွင် အလုပ်လုပ်နေသူများကို ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ညနေ ၄နာရီ မနက် ၆နာရီဆိုတဲ့ ညမထွက်သတင်း မနက်ကတည်းက ကြားနေတာ။ အဲဒီ သတင်းကြောင့် တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ။ အဲဒီ သတင်းဘယ်သူစဖြန့်တာလဲ ငါတို့ မထုတ်ဘူးဆိုပြီး သူတို့က မထုတ်ဘူးလည်း ပြောသေး။ မနေ့ ညနေ ၃နာရီက စကင်းပတ်တာ တစ်ညလုံးပဲ။ သတင်းမှားတွေ ဘယ်သူဖြန့်တာလဲမင်းတို့ဖြန်တဲ့အတိုင်း လုပ်ပေးမယ်။ ထွက်ရဲတဲ့အကောင်ထွက်ခဲ့ ။ ထွက်လို့ကတော့အသေပစ်သတ်မှာလို့ ကင်းလှည့်ရင်းပြောဆိုသံကြားရတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးမှုကြောင့် စျေးဝယ်နေသူ ဇီးကုန်းလေးကျေးရွာမှ လင်မယား ၂ ဦး၊ မြင်းချင်းရွာမှ အမည်မသိအမျိုးသား ၁ ဦး၊ ရွှေဆိုင်တွင် ရွှေပေါင်ရန်လာသည့် အမျိုးသမီး ၁ ဦး၊ ချီပါစုရပ်ကွက်ဆန်ပွဲရုံရှေ့တွင် ကားပေါ်ဆန်တင်ပေးနေသည့်အလုပ်သမား ၄ ဦးနှင့် ကားဆရာတို့ ဖမ်းဆီးခံရကြောင်း၊ ကားနှင့် ဆန်အိတ်များကိုလည်း စစ်တပ်က လုယူသွားကြောင်း သိရှိရသည်။
ဖမ်းဆီးခံလိုက်ရသည့် ဇီးကုန်းရွာမှ လင်မယား ၂ ဦးကို ဇီးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်စခန်း၏ အကူအညီဖြင့် ငွေသိန်း ၅၀ ပေး၍ လွတ်မြောက်လာကြောင်း၊ မြင်းချင်းရွာရှိ အမျိုးသားကိုမူ စစ်မှုထမ်းရန် ပြောဆိုကာ ခေါ်ထားကြောင်း၊ ဆန်ပွဲရုံရှိ အလုပ်သမားများနှင့် အခြားသူများကိုမူ သိန်း ၁၀၀ ဖြင့် ရွေးခိုင်းနေကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar