ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ယခု ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဌဖြစ်သည့် မလေးရှားအစိုးရအနေဖြင့် အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများအား လုံးမှ စစ်အုပ်စုကို ယ်စားလှယ်အားလုံးအား ဖယ်ရှားရန်၊ အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများသို့ မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စား လှယ်များဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအား ဖိတ်ကြားခြင်းဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားမှုကို ပံ့ပိုးကူညီရန် တောင်းဆိုသည့်အနေဖြင့် အောက်တွင်လက်မှတ်ရေးထိုးထားသည့် မိမိတို့အဖွဲ့အစည်းပေါင်း ၁၆၃ ဖွဲ့တို့က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုသည်။
မြန်မာစစ်အုပ်စုမှာ အစိုးရတစ်ရပ် မဟုတ်သည့်အတွက် မည်သည့်အစည်းအဝေးနှင့် မည်သည့်စစ်အုပ်စုကိုယ်စားလှယ်ပင်ဖြစ်စေ အာဆီယံအစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးတွင် မြန်မာပြည်သူများအား ကိုယ်စားပြုရန် နိုင်ငံရေးတရားဝင်မှု လုံးဝမရှိ ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက် နေ့တွင် မြန်မာစစ်တပ်က တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုတစ်ရပ်ကို လုပ် ဆောင်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ တရားဥပဒေနှင့် မလျော်ညီသော တရားမဝင်စစ်အုပ်စုသည် အစိုးရအဖွဲ့ အစည်းအ များ အပြားကို သိမ်းပိုက်ရယူခဲ့ပြီး၊ ရွေးကောက်ခံအစိုးရအဖွဲ့ဝင်အများအပြားကို ဖမ်းဆီး အကျဉ်းချခဲ့ကြောင်း၊ အာဏာ သိမ်းကြိုးပမ်းမှုသည် မြန်မာပြည်သူများ၏ တညီတညွတ်တည်း အပြင်းအထန် ဆန့်ကျင်တော်လှန်မှုကြောင့် အောင်မြင်မှုမရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။
စစ်အုပ်စုက တိုင်းပြည်အပေါ် ထိရောက်သော ထိန်းချုပ်နိုင်မှု မရရှိသေးဘဲ၊ ခုခံတော်လှန်ရေးအဖွဲ့အစည်းများသည် မြေပြင်ထိန်းချုပ်မှု များ တိုးမြင့်ရရှိလျက်ရှိကြောင်း၊ တိုင်းပြည်၏ လူဦးရေ ၆၇ ရာခိုင်နှုန်းအပါအဝင် တိုင်းပြည်နယ်မြေ ၈၆ ရာခိုင်နှုန်းသည် စစ်အုပ်စု၏ တည်ငြိမ်သော ထိန်းချုပ်မှုအောက်တွင် ရှိမနေကြောင်း ၊ ပြည်ထောင် စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က မြန်မာပြည်သူများအား ကိုယ်စားပြုရန် တရားဝင်အစိုးရ ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ရှင်းလင်းပြောဆိုသည်။
အာဆီယံက စစ်အုပ်စု အကြီးတန်းအဖွဲ့၀င်များနှင့် ၎င်းတို့ကိုယ်စားလှယ်များကို မြန်မာနိုင်ငံအား ကိုယ်စားပြုခွင့်ရရန် အခွင့်အလမ်းဖန်တီးပေးသည့်အခါ မြန်မာပြည်သူများအား ကြီးမားစွာ ထိခိုက်နစ်နာစေကြောင်း၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးနှင့် လူသားခြင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကာလအတွင်း မြန်မာပြည်သူများ၏ တရား၀င်ခေါင်းဆောင်များအား နိုင်ငံတကာတွင်ကိုယ်စားပြုခွင့်ကို ငြင်းဆိုခြင်း၊ မြန်မာပြည်သူများအား ကိုယ်စားပြု၍ နိုင်ငံရေးတရားဝင်မှုကင်းမဲ့စွာဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ မြန်မာစစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်းနှင့် အစိုးရတစ်ရပ်အဖြစ် ၎င်းတို့၏ တရားမဝင်ကြိုးပမ်းမှုများတွင် ကူညီပေးခြင်း၊ မြန်မာစစ်အုပ်စုအား ဆက်ဆံရေးများတည်ဆောက်ရာတွင် ကူညီပေးပြီး၊ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ရရှိစေခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရန် မြန်မာပြည်သူတို့၏ ကြိုးပမ်းမှုများကို ပျက်ပြားစေခြင်း
စစ်အုပ်စု၏ တိုင်းပြည်ကို အပြည့်အဝထိန်းချုပ်ရန် တရားမဝင်ကြိုးပမ်းမှုကို ကူညီပေးခြင်းများ အပါအဝင် မြန်မာပြည်သူများအတွက် ဆိုးရွားသောထိခိုက်နစ်နာမှုများကို ဖြစ်စေမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်က စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် အသက်ဘဝများကို ကယ် ဆယ်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၄ နှစ်အတွင်း စစ်တပ်သည် ပြည်သူပေါင်း ၆,၀၀၀ ကျော်အား သတ်ဖြတ်ခဲ့ပြီး ပြည်သူပေါင်း ၂၈,၀၀၀ ကျော်အား ဖမ်းဆီးခဲ့ကြောင်း၊ ၂၁,၀၀၀ ကျော်ကို ဆက်လက်အကျဉ်းချထားဆဲ ဖြစ်ကြောင်း၊ စစ်တပ်သည် လူအစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမဖြစ်တည်မှုအခြေပြု အကြမ်းဖက်မှုများ၊ အကြီးအကျယ်ညှဉ်းပမ်းနှိပ်စက်မှုများနှင့် လူနေကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်
စစ်အုပ်စုက မြန်မာနိုင်ငံဥပဒေအရ သော်လည်းကောင်း၊ နိုင်ငံတကာဥပဒေပါ ဖွင့်ဆိုချက်ဖြင့်သော်လည်းကောင်း အကြမ်း ဖက်အဖွဲ့အစည်း တစ်ရပ်၏ လက္ခဏာများနှင့် ပြည့်စုံနေသည်။ နှစ်စဉ်အလိုက် စစ်တပ်သည် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး၊ အရပ်သားပြည်သူ သေကြေထိခိုက်မှုများမှာလည်း တိုးမြင့်လာကြောင်း၊ သို့ဖြစ်ရာ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအကျပ် အတည်းအား မြန်မာပြည်သူများ ဦးဆောင်သော၊ ပြည်သူလူထုဗဟိုပြုသော ဖြေရှင်းရေးကို ကူညီထောက်ပံ့ပေးရန် အတွက် ဘုံသဘောတူညီချက် ငါးရပ်ထက် ကျော်လွန်လုပ်ဆောင်ဖို့ လိုအပ်လာပြီ ဖြစ်ကြောင်း ထောက်ပြထားသည်။
စစ်အုပ်စုက မဟုတ်မှန်သည့် နိုင်ငံရေးတရားဝင်မှုနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် တရားမဝင်ရွေးကောက်ပွဲတစ်ရပ်ကို မကြာမီ ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း၊ မြန်မာပြည်သူများနှင့် ၎င်းတို့၏ တရားဝင်အစိုးရဖြစ်သည့် NUG သည် အဆိုပါ အမည်ခံရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာ ကန့်ကွက်ဆန့်ကျင်ထားကြောင်း၊ အာဆီယံက စစ်အုပ်စုကိုယ်စားလှယ်များနှင့် ၎င်းတို့ခန့်အပ်ထားသူများကို မြန်မာနိုင်ငံအား ကိုယ်စားပြုခွင့် ပေးထားခြင်းသည် စစ်အုပ်စု၏ နိုင်ငံရေးအစီအစဉ်တွင် ကြံရာပါ ပတ်သက်နေကြောင်း သတင်းစကားကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ အချက်ပြလိုက်ခြင်းဖြစ်ပြီး၊ လူသတ်စစ်အုပ်စုအား ခုခံဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများကို အလုံးစုံ ထိခိုက်ပျက်ပြားစေကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြသည်။
ထို့ကြောင့်အမည်ခံ “နိုင်ငံရေးကိုယ်စားမပြုသူ” ကိုယ်စားလှယ်များအပါအဝင် စစ်အုပ်စုကိုယ်စားလှယ် အားလုံးအား ဖယ်ရှားရန်၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှု ရရှိစေရန် တောင်းဆိုကြောင်း၊ “စစ်အုပ်စု ဝန်ထမ်းများကို ဖိတ်ကြားခြင်းကို ပြန်လည် မရုပ်သိမ်းပါက အစည်းအ၀ေးမတက်ရောက်ကြရန်” အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုကြောင်း၊ ထို့ပြင် အထူးကိုယ်စားလှယ်က “လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် မြန်မာပြည်သူများ၏ဆန္ဒကို ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီ၏ တရားဝင် အစိုးရဖြစ်ကြောင်း မှာယွင်းသောအဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်” တိုက်တွန်းသည်။
အာဆီယံအစည်းအဝေးအားလုံးအပါအဝင် နိုင်ငံတကာအခမ်းအနားအားလုံးတွင် မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ ဖြစ်ပြီး အာဆီယံအပါအဝင် နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာ နိုင်ငံနှင့် ဆက်ဆံရေးဆောင်ရွက်သည့်အခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အမြင့်ဆုံးအတိုင်ပင်ခံအဖွဲ့အစည်းအဖြစ် လည်း ကောင်း၊ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း (EROs) များကို အဓိက stakeholder များအဖြစ်လည်းကောင်း အသိအမှတ်ပြုရန် တောင်းဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar