ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် – DKBA အနေဖြင့် နိုင်ငံတကာက တိုက်ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း DKBA တပ်မဟာ ၁ တပ်မမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဗဟိုစစ်ဌာနချုပ်ရုံး (ဆုံဆည်းမြိုင်) ၌ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ဝင်များ အစည်းအဝေးဖြင့် ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း နှိမ်နှင်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် – DKBA အဖွဲ့အစည်းအနေဖြင့် လက်ရှိနိုင်ငံတကာမှ တိုက် ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်းနှိပ်စက်ခြင်းတို့ကို နိုင်ငံတကာနှင့်အတူ ပူး ပေါင်းတိုက်ဖျက်သွားမည်ဖြစ်ဖြစ်ပြီး မိမိတို့ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူများကို မြန်မာ နိုင်ငံသံရုံးနှင့်အတူ နိုင်ငံတကာ သံရုံးများမှ တောင်းခံလာပါက ရှာဖွေပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး တားဆီးနှိမ်နှင်းသွားမည် ဖြစ်ပြီး ဒေသခံပြည်သူ လူထု စားဝတ်နေရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို အကောင် အ ထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်က်ပြောဆိုသည်။
“ရည်ရွယ်ချက်ကတော့ ထုတ်ပြန်ချက်ထားတဲ့အချက် ၄ ချက်ပေါ့၊ လူကုန်ကူးမှုနဲ့ ပတ်သက်တာ တော့လုံးဝ၊ လုံးဝ တိုက်ဖျက်သွားမှာပေါ့။ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ၊ အချက် ၄ ချက်အပေါ်မှာ ဆုံးဖြတ်ထားတာပေါ့၊ ပြောရရင် ထိုင်းကလည်း ကျနော်တို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကို ဆီတို့၊ မီးတို့အင်တာနက်တို့ အကုန်ဖြတ်ချတာကိုး၊ ဒါတွေကလည်း DKBA နယ်မြေထဲမှာလည်း တချို့ရှိ သလို လူမိုက်လူဆိုး တွေသန့်ရှင်းရေးလုပ်ဖို့အတွက် တပ်ဗိုလ်တပ်မှူးတွေ ပူးပေါင်း တိုက် ဖျက်သွားဖို့ ဆုံးဖြတ်ချက်ချတာပေါ့။” ဟု DKBA တပ်မဟာ ၁ တပ်မမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ကရင်ပြည်နယ်၊ နယ်စပ်ဒေသများတွင် တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန် သည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အနေနှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် ဆောင်ရွက်ခဲ့သော နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုစီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် စတင်ဆောင်ရွက်ခဲ့သော အိမ်ရာ၊ ဟိုတယ်နှင့် အပန်းဖြေရိပ်သာ စီမံကိန်းများဖြစ်ပြီး ပါဝင် ရင်းနှီးမြှုပ်နှံသည့် အကျိုးတူလုပ်ငန်းရှင်အဖြစ်မဟုတ်ဘဲ မြေငှား ရမ်းသည့် မြေရှင်သာဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူများထံမှ ထပ်ဆင့်ငှားရမ်းသည့် လုပ်ငန်းရှင် အချို့သည် လိမ်လည်လှည့်ဖျားခြင်း၊ လူကုန်ကူးခြင်း စသည့်အလုပ်များကို လုပ်ကိုင်ကြသည့် အတွက် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းလက်တွဲကာ တိုက်ဖျက်နှိမ်နှင်းလျက်ရှိကြောင်း၊ လူကုန်ကူးခြင်း၊ မသမာမှုပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ လိမ်လည် လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်းတို့ကိုလည်း ဖော်ထုတ်အရေးယူ၍ မသမာလုပ်ငန်းများကို ပိတ်သိမ်းစေကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူလျက်ရှိကြောင်းသည်ဟု BGF က ဆိုသည်။
လူကုန်ကူးခံရသည့်ဖြစ်စဉ်များတွင် ၂၀၂၃ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးခံရသူပေါင်း ၂၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံအလိုက် ဆက်သွယ်ကာ နေရပ်ပြန်ပို့ရန် ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံက ယမန်နေ့မှစတင်၍ မြ၀တီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူမြို့များသို့ လျှပ်စစ်မီးဖြတ်တောက်ခြင်းနှင့် လောင်စာတင်ပို့မှုများကို စတင်ဖြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476386359_984942970399976_6637188846010164640_n.jpg)