မြန်မာနိုင်ငံဘက်သို့ လောင်စာဆီတင်ပို့မှုများ ထိုင်းအစိုးရက ပိတ်ပင်၊ မြ၀တီတွင် ဓာတ်ဆီ ၁ ဂါလန်လျှင် နှစ်သောင်းခွဲကျပ် အထိ စျေးနှုန်းများမြင့်တက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ထိုင်းအာဏာပိုင်များက မဲဆောက်မှတစ်ဆင့် မြ၀တီဘက်သို့ လောင်စာဆီတင်ပို့မှုများကို တရားဝင် တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားပြီး ဆီသယ်ယာဉ်များအားလုံးကို မဲဆောက်တွင် ရပ်တန့်ထားကြောင်း ထိုင်း The Reporter က သတင်းဖော်ပြသည်။
ထိုင်းအစိုးရက ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ကြီးထွားနေသော တရုတ် ကျားဖြန့် အွန်လိုင်း ငွေလိမ်ရာဇ၀တ်ဂိုဏ်းများကို နှိမ်နင်းရန် ကြိုးပမ်းမှုအဖြစ် မြန်မာနိုင်ငံသို့ လျှပ်စစ်၊ ဆက်သွယ်ရေးကွန်ရက်နှင့် လောင်စာဆီတင်ပို့မှုများကို ဖေဖော် ဝါရီ ၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်းခဲ့ပြီးနောက် မဲဆောက်တွင် လောင်စာဆီသယ်ယာဉ်အားလုံး ရပ်တန့်ထားကြောင်း၊ မြန်မာဘက်သို့ မည်သည့်မှောင်ခိုတင်သွင်းမှု မရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုကြသည်။
မြန်မာနိုင်ငံ၊ မြ၀တီဘက်အခြမ်းတွင် လောင်စာဆီစျေးနှုန်းများ မြင့်တက်လျက်ရှိပြီး ဓာတ်ဆီတစ်ဂါလန်လျှင် ပြင်ပမှောင်ခိုစျေးကွက်တွင် နှစ်သောင်းခွဲအထိ စျေးပေါက်နေကြောင်း မြ၀တီဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
“ဆီဆိုင်တွေကတော့ လက်ကျန်ဆီရှိသလောက် ရောင်းပေးနေတယ်။ အခုက ဆီက အပြင်မှာ မှောင်ခိုစျေးလိုဖြစ်နေတာ။ ဓာတ်ဆီ ၁ ဂါလန်ကို တစ်သောင်းခွဲကနေ နှစ်သောင်း၊ အမြင့်ဆုံး နှစ်သောင်းခွဲအထိတောင် စျေးပေးဝယ်နေကြတယ်။ စျေးကစားကြတာကြောင့်လည်းပါတယ်။ ဆီစျေးကတော့ လန့်တက်တက်နေတာ။ ဒါတောင် ဝယ်ချင်သလို ဝယ်လို့မရဘူး။ အခုက မဲဆောက်ဘက်ကပဲ ဆီမရရင် အာရှလမ်းမကြီးဘက်ကလည်း ဆီတွေ လာစရာ လမ်း ကြောင်းမရှိဘူးလေ။ အဲဒါကြောင့် ဆီပြတ်မှာစိုးရိမ်ပြီး အလုအယက်ဖြစ်နေကြတာ” ဟု မြ၀တီမြို့မှ ကုန်သည်တစ်ဦးက ပြောဆိုသည်။
ထိုင်းအစိုးရပိုင် လောင်စာဆီကုမ္ပဏီ PTT Oil and Retail Business Plc (OR) ကလည်း မြန်မာနိုင်ငံသို့ လောင်စာဆီတင်ပို့မှုများ ရပ်ဆိုင်းရန် ပြင်ဆင်နေကြောင်း ယမန်နေ့ ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားမှ ထိုင်းဘက်အခြမ်းသို့ အပြန် အလှန် နှစ်နိုင်ငံ ကုန်ကားတချို့ ဝင်ရောက်မှုရှိသော်လည်း ထိုင်းအစိုးရက မြန်မာဘက်အခြမ်းသို့ လောင်စာဆီများကို အထူးကန့်သတ်စစ်ဆေးတားမြစ်ပိတ်ပင်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ – The Reporters။
(ပြင်ဆင်ဖတ်ရှုတ်ပါရန်- ဓာတ်ဆီ တစ်လီတာ အစား ဓာတ်ဆီတစ်ဂါလန်ဟု ပြင်ဆင်ဖတ်ရှုပါရန်ဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/475968423_985665906994349_6284741995124829244_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476169901_985665983661008_4318958565853066860_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476293979_985666016994338_8351373371765389198_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/475962345_985666103660996_8803823326106147560_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476279913_985666163660990_1477816522136655843_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476598337_985666213660985_5429924277059276146_n.jpg)