33 C
Yangon

ဟိုပန်မြို့နယ်တွင် UWSA က ရုံးစိုက်ရန်အတွက် ပုဂ္ဂလိကပိုင်မြေကွက်တချို့ကို သိမ်းယူမှု အငြင်းပွားမှုဖြစ်နေ၊ UWSA ဘက်ကမူ မတရားမှုရှိလျှင် တရားဝင်တိုင်ကြားနိုင်ဟု တုံ့ပြန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်တွင် UWSA “၀” တပ်ဖွဲ့က ရုံးစိုက်ရန်အတွက် ပုဂ္ဂလိကပိုင် မြေကွက်တချို့ကို သိမ်းယူရန် ပြင်ဆင်လျက်ရှိရာ အငြင်းပွားမှုများဖြစ်ပွားနေကြောင်း မြေကွက်သိမ်းခံရသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဟိုပန်မြို့ရှိ ဘိုးဘွားပိုင်မြေဖြစ်သော ပုဂ္ဂလိက အိမ်ထောင်စု ၈ စု၏ မြေကွက်တချို့ကို UWSA အဖွဲ့က ၂၀၂၄ ခုနှစ် အောက် တိုဘာလအတွင်းမှ စတင်၍ သိမ်းယူမည်ဟု ပြောဆိုခဲ့ကြောင်း၊ ပုဂ္ဂလိက မြေပိုင်ရှင်များက တန်ရာတန်ကြေးပေးရန် တောင်းဆိုသော်လည်း UWSA က တန်ရာတန်ကြေးမပေးဘဲ လုံခြုံရေးအားနည်းသည့် မြေကွက်နေရာကိုသာ အစားထိုးပေးရန် လုပ်ဆောင်ခဲ့ကြောင်း၊ မြေပိုင်ရှင်များက မြေကွက်မှ ပြောင်းရွှေ့ပေးရန် ငြင်းဆန်၍ နှစ်ဖက် ညှိနှိုင်းနေဆဲကာလတွင် UWSA တပ်သားများက မြေကွက်များသို့ အတင်းဝင်ရောက်၍ သစ်ပင်များကို ခုတ်လှဲခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြေသိမ်းခံရသူမိသားစုဝင်တချို့က ဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အိမ်ထောင်စု ၈ စု နေထိုင်နေဆဲ ဘိုးဘွားပိုင်မြေနေရာကို UWSA တပ်သားများက အတင်းဝင်ရောက်၍ ရော်ဘာပင်များကို ခုတ်လှဲနေခြင်းဖြစ်ကြောင်း မြေယာပိုင်ရှင်များက ပြောဆိုသည်။

“တန်ရာတန်ကြေးပေးတာ မရှိဘူး။ တကယ်လို့ လျှော်ကြေးလိုချင်တယ်ဆိုရင် ရော်ဘာပင်တစ်ပင် တစ်ရုတ်ငွေ ယွမ် ၂၀၀ ပေးမယ် ပြောတယ်။ ကျွန်မတို့က တန်ရာတန်ကြေးလိုချင်တယ်။ မြေနေရာကောင်းကောင်းပေးပါ ကျွန်မတို့ ပြန်ပြီး လုပ်ကိုင်စားသောက်ဖို့ ပြောထားတာ ညှိနေသေးရင်းနဲ့ သူတို့က ဒီလိုမျိုး မတရားလုပ်နေတယ်။ ရုံးတွေလည်း ကျွန်မတို့ အကြိမ်ကြိမ်တက်တယ်။ တစ်နေ့ညကပဲ ပိုင်နက်ထဲမှာ ဒီလိုမျိုး လုပ်တာ တအားကို လွန်လွန်းတယ်။ ပေါက်ဈေးက တရုတ်ငွေနဲ့ ပေ ၄၀ ၆၀ အနည်းဆုံးက ယွမ် ၁ သိန်း ကျော်လောက် ရှိတယ်။ ခြံက တစ်ဧက ကျော်ရှိတယ်” ဟု မြေယာပိုင်ရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါ မြေနေရာကို UWSA က ရုံးစိုက်ရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး မြေယာအစားထိုးဟူ၍ ပြန်ပေးသည့် မြေနေရာသည်လည်း လုံခြုံရေး အားနည်းသည့် စစ်တပ်ပိုင်မြေနေရာများကို ချပေးခြင်းဖြစ်ကြောင်း၊ မြေပိုင်ရှင်များက လျှော်ကြေး သို့မဟုတ် မြေနေရာကောင်းပေးရန် ညှိနှိုင်းတောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ထိုသို့ ညှိနှိုင်းဆဲတွင်ပင် ရော်ဘာပင်များကို မတရားဝင် ရောက် ခုတ်လှဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပေါက်ဈေးတိုင်း မပေးတောင် တစ်ဝက်လောက်နဲ့ဆို ကျွန်မတို့ဘက်က လက်ခံဖို့ အသင့်ပဲ။ ပြန်ပြီးတော့ အရင်းအနှီးလေး ရရင် မဆိုးဘူးလို့ ကျွန်မတို့က စိတ်ကူးထားတာ။ ဒါပေမဲ့ အခုက ညှိနှိုင်းဆဲ ကာလမှာ ဒီလိုမျိုး လုပ်တာ။ ဒီ ကိစ္စကို လုပ်တာက လီကျုံးရန် ဆိုတဲ့ ဒုအတွင်းရေးမှူးက ရဲဘော်လေးတွေကို ခိုင်းတာလို့ ကျွန်မတို့ သိရတယ်” ဟု မြေယာပိုင်ရှင် တစ်ဦးက ပြောဆိုသည်။

UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဟိုပန်မြို့နယ်တွင် ပုဂ္ဂလိကမြေကွက်တချို့ကို UWSA က သိမ်းယူမှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ မတရားမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်း ပြောဆိုသည်။

“အ​ထောက်အထားနဲ့သက်ဆိုင်ရာ တိုင်လို့ရပါတယ်​နော်” ဟု ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article