28 C
Yangon

ချောင်းဦး၊ နွယ်ခွေနှင့်ချောင်းမကျေးရွာတို့ကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှု ပကဖ ၁ ဦးအပါအဝင် ၆ ဦး ထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာနှင့်ချောင်းမကျေးရွာကို စစ်တပ်က လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြေပြင်မှလည်း စစ်ကြောင်းထိုးစီးနင်းတိုက်ခိုက်မှုကြောင့် ကျေးရွာပကဖအဖွဲ့ဝင် ၁ ဦးအပါအဝင် ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ -CHUPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်က ချောင်းဦးမြို့တွင်းသို့ အနောက်မြောက် တိုင်းစစ်ဌာနချုပ် -နမခမှ အင်အားဖြည့်တင်းထားသော စစ်သားများနှင့် မြပုလဲဂိတ်မှ စစ်သားများ ပူး ပေါင်းကာ နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာတို့ကို စစ်ကြောင်းထိုးလာပြီး ဝေဟင်မှ ဂျက်ဖိုက် စီးဖြင့် ပထမဆုံးအကြိမ်ကျေးရွာအတွင်း ဗုံးကျဲချခဲ့ခြင်း၊ ထိုနောက် နမခမှ တက်လာသော စက်တပ် လေထီး (ပါရာမိုတာ) ၂ စီးဖြင့် ဗုံးကျဲချကာ မြေပြင်စစ်ကြောင်းမှလည်း လက်နက်ကြီးများဖြင့် ပစ် ခတ်ပြီး တပြိုင်တည်းဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ဂျက်ဖိုက်တာဖြင့် ကျေးရွာအတွင်း ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၆ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း၊ ထို့အပြင် အခြား စက်တပ်လေထီး ဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် သေဆုံးသူများလည်းရှိပြီး ကနဦးရရှိထားသော သတင်းအရ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တိုက်ခိုက်ရေးတပ်ခွဲမှ တပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် ၆ ဦးထက်မနည်းသေဆုံးထားကြောင်း၊ အရေအတွက် အတိအကျ ဆက်လက်အတည်ပြု နေကြောင်း သိရှိရသည်။

“စစ်ကြောင်းစထွက်ပြီဆိုကတည်းက မြပုလဲဘက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ စစ် ကြောင်း ထဲကနေလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ တပြိုင်နက်တည်း ဂျက်ဖိုက်တာ တစ်စီးပေါ့၊ တံတားဦးတက်လား၊ မိတ္ထီလာတက်လားတော့ မသိသေးဘူး။ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တယ်၊ အဲဒါနဲ့ တပြိုင်တည်းပဲ နမခက တက်လာတဲ့ စက်တပ်လေထီး ၂ စီးနဲ့လည်း ဗုံးကျဲပြီး စစ်ကြောင်းဝင်လာ တာ။ အဲဒါကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုက တော်တော်များတယ်၊ လက်ရှိ အချိန်အထိ ၆ ယောက်သေတယ်လို့ ကြားတယ်။ လောလောဆယ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အနေ အ ထားရယ်၊ ပြည်သူတွေအကုန်လုံးကလည်း ရှောင်တိမ်းနေရတဲ့နေရာကနေ ပြန်မရောက်သေးလို့ ထိခိုက်မှုအတိအကျကို မသိရသေးဘူး။”ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ -CHUPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်သားများ ဝင်ရောက်စီးနင်းခဲ့သည့် နွယ်ခွေကျေးရွာနှင့်ချောင်းမကျေးရွာသည် ချောင်း ဦးမြို့နှင့် ၁ မိုင်ခန့်သာ ကွာဝေးပြီး ချောင်းမကျေးရွာသည် အိမ်ခြေ ၁၀၀ ခန့်နှင့် ချောင်းမကျေးရွာ သည် အိမ်ခြေ ၄၀၀ ခန့်ရှိသည့်ကျေးရွာများဖြစ်ကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဝင် ရောက်စီးနင်းချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ကျေးရွာပကဖအဖွဲ့ဝင်အနည်းခန့်သာ ကျေးရွာအ နီးပတ်ဝန်းကျင်၌ ရှိနေချိန်ဖြစ်ကြောင်း သိရသည်။

“တစ်ရွာနဲ့တစ်ရွာက သိပ်မကွာဘူး။ နီးတယ်။ သိပ်မဝေးတော့ တဆက်တည်း ဝင်းစီးတာ။ ဘာ တိုက်ပွဲမှ မဖြစ်ပဲနဲ့ ဝင်စီးတာ။ သေဆုံး အရေအတွက်ကတော့ ကနဦးရထားတာ ၆ ဦးပဲ၊ အဲဒီအတွက် များဖို့ပဲရှိတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးချတာဆိုရင်ရွာလည်တည့်တည့် ကျပြီး ပေါက်ကွဲခဲ့တဲ့အတွက် အ လောင်းတွေကောက်မရပဲ ပျောက်ဆုံးသွားတာတွေပါရှိတယ်။ ကယ်ဆယ်ရေး လုပ် နေတဲ့အချိန် မှာ လည်း ပါရာမိုတာနဲ့ ဗုံးချ၊ လက်နက်ကြီးတွေလည်းတောက်လျှောက်ပစ်နေတော့ ကယ်ဆယ်ရေး လုပ်လို့လည်းမရဘူး။ ရွာထဲမှာတော့ မီးလောင်တာရှိတယ်။ လက်နက်ကြီးကျလို့ လောင်တာလား။ သူတို့ရှို့လို့လောင်တာလားတော့ မသိရဘူး။ အဲဒီဘက်က ဖုန်းလိုင်းတွေလည်းဖြတ်ခံရထားတယ်။ လက်ရှိအချိန်အထိလည်း ရှင်းလင်းရေးလုပ်နေရတုန်းဆိုတော့ သေဆုံး၊ ထိခိုက်အရေအတွက်အတိ အကျစာရင်းမရသေးဘူး” ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ -CHUPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် ညပိုင်းအထိ မြပုလဲဂိတ်မှတစ်ဆင့် လက်နက်ကြီးများဖြင့် နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာ တို့ကို ဆက်လက် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ဝင်ရောက်စီးနင်းမှုကြောင့် ယခုအချိန်အထိ ကျေးရွာနေ ပြည်သူများမှာ ဘေး လွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဓာတ်ပုံ – ယခုရက်ပိုင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားသော ချောင်းဦးမြို့နယ်မှ ကလေးငယ်တစ်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုရက်ပိုင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားသော ချောင်းဦးမြို့နယ်မှ ကလေးငယ်တစ်ဦး။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article