ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ရင်း ဗဟိုကင်းနှင့် လူပျို ဘားတိုက်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် သိမ်ဇရပ်မြို့ အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ရင်း ဗဟိုကင်းနှင့် လူပျိုဘားတိုက်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပဲခူးနှင့် မော်လမြိုင်ဘက်သို့ ပို့ဆောင်ကာ ကုသနေပြီး စစ်သား မသာအလောင်းများကို အသုဘချရာတွင် နာရေး ပရဟိတ အဖွဲ့များကို သတင်းမပေါက်ကြားရန် ခြိမ်းခြောက်မှုများ ရှိကြောင်း သိရသည်။
“ရှော့တိုက်ဒုံး မစ်ရှင်မှာ ရန်သူ့ဘက်က လက်နက်ကြီးပစ်တဲ့ ဆရာအဆင့် ၂ ကောင် သေတယ်လို့ သိရတယ်။ ပျက်စီးမှု အခြေအနေတော့ ဆက်လက် စုံစမ်းနေပါတယ်။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပဲခူးခရိုင် (ပကဖ) ဦးဆောင်၍ UDF ၊ ဝေါမြို့နယ် (ပကဖ) နှင့် ကဝ မြို့နယ် (ပကဖ) လက်နက်ကြီးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရန် ပြင်ဆင်နေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
