ရန်ကုန်၊ မတ် ၁၉
ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းဘေးရှိ ဝတ်ကုန်းကျေးရွာနှင့် တောရွာကျေးရွာအကြားသို့ စစ်ကောာင်စီတပ်၏ လေယာဉ်များက ဗုံးမျာ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချသည့်နေရာမှာ လူနေထိုင်ခြင်းမရှိသည့်နေရာဖြစ်သည့်အတွက် ထိခိုက်တစ်စုံတစ်ရာ မရှိနိုင်ကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
“မနေ့ ညဦးပိုင်းမှာ လေးမျက်နှာမြို့နယ် ပုသိမ်-မုံရွာလမ်း ကားလမ်းဘေးမှာရှိတဲ့ ဝတ်ကုန်းကျေးရွာနဲ့ တောရွာကျေးရွာကြားကို လေယာဉ်နဲ့ ဗုံးကျဲချပါတယ်။ ရွာပေါ်မကျလို့ တော်သေးတယ်။ အကြောင်းပြချက်ခိုင်ခိုင်မာမာ မရှိဘဲ စစ်ခွေးတွေ အခုလို လိုက်လုပ်နေတာ။ ပြည်သူတွေ တော်တော် ဒုက္ခတွေ ကြုံနေရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော လေးမျက်နှာမြို့နယ်နှင့် ငသိုင်းချောင်းမြို့နယ် အစပ် ရခိုင်ရိုးမ တောင်ခြေ ကျေးရွာများတွင် AA နှင့် တော်လှန်ရေးတပ်များရောက်ရှိနေသည်ဆိုသော စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်မှုများကြောင့် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းခြင်း၊ စစ်ကူစစ်ကြောင်း ပိုမို စေလွှတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းနှင့်ဒရုန်းတိုက်ခိုက်မှုများ လုပ်ဆောင်လာ ခြင်းများရှိနေကြောင်း၊ ဒေသပြည်သူများမှာမူ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ရိုးမအစပ် တွေမှာတော့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ရွာသူရွာသားတွေကတော့ အခုအချိန် ရွာတွေထဲ မနေရဲဘူး။ လောလောဆယ် ရှောင်နေတာတချို့ရှိလာတယ်”ဟု လေးမျက်နှာမြို့နယ်မှ စစ်ဘေးရှောင် ကူညီသူတစ်ဦးက ဆိုသည်။
AA က ရခိုင်ပြည်နှင့် ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအတွင်းသို့ စစ်ကြောင်းများ ချီတက်ပြီး ထိုးစစ်များကို ဆက်တိုက် ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
