ရန်ကုန်၊ မတ် ၁၉
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် စစ်သင်္ဘော အုပ်စု တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိခဲ့သော ရေတပ်သား ၂ ဦးကို မြိတ်သို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာနှင့် ရှော်တော်မော်ကျေးရွာ ဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ရေတပ်မှ ၁၁၄ စစ်သင်္ဘော အပါအဝင် သင်္ဘော ၂ စီး၊ စက်လှေ ၂ စီး ၊ ဖိုင်ဘာလှေငယ် ၃ စီး ပါဝင်သော အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ဝန်တောင်ကျေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော ရေတပ်မှ တပ်သား ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စက်လှေဖြင့် ခိုးထုတ်၍ မြိတ်မြို့ဘက်ကို ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဒီကောင်တွေက သူတို့ဘက်က ထိထားတာကို ပြည်သူတွေသိမှာစိုးလို့ စက်လှေနဲ့ မြိတ်ကို ခိုးပြီးပို့တာ လမ်းမှာ သေသွားတယ်လို့သိရပါတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိနစ်အနည်းငယ်ခန့် အပြန်အလှန်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
