30 C
Yangon

ကျိုက်ထိုနှင့် သထုံ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၈၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရပြီး ဆေးရုံနှင့် ဘုန်းကြီးကျောင်းများ ပျက်စီး

Must read

ရန်ကုန်၊ မေ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၈၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရပြီး ဆေးရုံနှင့် ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် အတွင်းရှိ ပျဉ်းကတိုးကုန်း ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ရာဘာခြံအတွင်း ကျရောက် ပေါက်ကွဲကာ ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

မေလ ၂ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀၇ တပ်ရင်း ၊ အမတ-၃၁၀ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက ၆၀ မမ၊ ၈၁ မမ နှင့် ၁၂၀ မမ လက်နက်ကြီး ၁၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ခရွဲကျေးရွာရှိ သုံးခွ ရေကျော် ဓမ္မဒူတဘုန်းကြီးကျောင်း အနီးတဝိုက်နှင့် ရွာပြင်တဝိုက် လုပ်ငန်းများထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး လမ်းမီးတိုင်၊ ရော်ဘာပင်များ ထိခိုက် ပျက်စီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ လေတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီး ၁ လုံး ပျဉ်းကတိုးကုန်း ကျေးရွာအတွင်းကို ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ လေတပ်က ဂျက်ဖိုက်တာဖြင့် ၁၆ ကုတင်ဆံ့ ဖလံတောင် (ဖွဝေါ်) ဆေးရုံကို ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဆေးရုံ အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ကြောင်း၊ မေလ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ လေတပ်က ဂျက်ဖိုက်တာဖြင့် အလူးကျေးနယ်အတွင်းကို ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကြက်မောက်ခြံတစ်ခြံ ပျက်စီးပြီး နံနက် ၈ နာရီ ၁၈ မိနစ်ခန့်တွင် ဗုံး ၁ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ ငှက်ပျောတော ကျေးနယ် အတွင်းရှိ တောင်ထန်းခြံ ၁ ခြံပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျိုက်ထိုမြို့နယ် အတွင်းရှိ အရပ်သား ပြည်သူများနေထိုင်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် လက်ရှိချိန်တွင် ဒေသခံ ပြည်သူ ၈၈၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရှိရသည်။

ထို့ပြင် သထုံမြို့နယ်တွင်လည်း မေလ ၄ ရက်နေ့ ည ၁ နာရီ ၁၅ မိနစ်ခန့်က ရွှေရောင်ပြကျေးရွာ အုပ်စုအတွင်းကို လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ပြီး ရာဘာပင် ၅၀ ကျော်ပျက်စီးခဲ့ရကြောင်း၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေရောင်ပြကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ အမတ-၃၂၀ တပ်ရင်းက လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့သောကြောင့် ရော်ဘာခြံနှင့် တောရ ဘုန်းကြီးကျောင်းဆောင်များ ထိခိုက် ပျက်စီးခဲ့ပြီး ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ခမရ-၂၀၆ တပ်ရင်းနှင့် အမတ-၄၀၂ တပ်ရင်းက လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခ့ရာ ကော့လှိုင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article