ရန်ကုန်၊ မေ ၁၂
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်မနက်ရွာစစ်တပ်စခန်းကုန်းကို တိုက်ခိုက် သိမ်း ပိုက်ပြီး မီးရှို့ရှင်းလင်းခဲ့ကြောင်း ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးနှင့် ဘဏ္ဍာရေးတာဝန်ခံ ရဲမေ ရွှန်းရွှန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် စစ်ကောင်စီတပ်သား အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော အုတ်တွင်းမြို့နယ်၊ ကြက်မနက်ရွာရှိ စစ်တပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲမှာ နံနက် ၇ နာရီခန့်အချိန်မှ နံနက် ၁၁ နာရီ ၃၀ မိနစ်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
“အသေအပျောက်က များတယ်၊ ဒါပေမယ့် ဆက်လက်ရှာဖွေစုံစမ်းနေတုန်းပဲ၊ ရဲခွေးရော၊ စစ်ခွေး တွေပါနေတဲ့ စခန်းကုန်းပါ။ တိုက်ပွဲဖြစ်နေတုန်း လေယာဉ် ၂ စီးနဲ့လာကျဲသွားတယ်။ ပြီးလည်းပြီး ရော နောက်ကြောင်းပြန်ခေါက်သွားပြီး ခနခန ထပ်လာဝဲတယ်။ ထပ်ပစ်တာတော့မရှိတော့ဘူး။” ဟု ကြို့ပင်ကောက် Hero ပြောက် ကျားတပ်ဖွဲ့မှ ပြန်ကြားရေးနှင့် ဘဏ္ဍာရေးတာဝန်ခံ ရဲမေ ရွှန်းရွှန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းရဲစခန်းအတွင်းမှ ဆိုင်ကယ် ၆ စီး၊ ကား ၁ စီးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်း နိုင်ခဲ့ပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၆၀၁ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



