ရန်ကုန်၊ မေ ၁၂
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လယ်မရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူငယ် ၁၁ ဦးကို ပစ်သတ်ကာ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၂ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ခန့်တွင် ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လယ်မရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာနေ လူငယ် ၁၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်သတ်ကာ ပြည်သူ ၈ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်သွားသော ပြည်သူ ၁၁ ဦးမှာ အသက် ၂၄ နှစ်အရွယ် ကျော်စန်းခိုင် ၊ အသက် ၂၃ နှစ်အရွယ် သက်ပိုင်ဦး ၊ အသက် ၃၉ နှစ်အရွယ် အောင်ကြည်မင်း ၊ အသက် ၂၅ နှစ်အရွယ် နေလင်းဦး ၊ အသက် ၂၇ နှစ်အရွယ် ညီလေး ၊ အသက် ၁၉ နှစ်အရွယ် ဂျွန်ကိုဝင်း ၊ အသက် ၁၅ နှစ်အရွယ် သီဟလင်း ၊ အသက် ၁၅ နှစ်အရွယ် မျိုးသီဟ ၊ အသက် ၁၂ နှစ်အရွယ် လျှံထွန်း ၊ အသက် ၁၉ နှစ်အရွယ် ကျော်မြတ်သူ နှင့် အသက် ၁၃ နှစ်အရွယ် မှိုင်းဝေ တို့ကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ နံနက် အစောပိုင်း ၂ နာရီ ဝန်းကျင်လောက်က ခလရ ၅၀ တပ်ရင်းကလာတဲ့ စစ်ခွေး စစ်ကြောင်းက လယ်မရွာကို ရောက်ရှိလာပြီးတော့ ပြည်သူ ၁၁ ဦးကို ပစ်သတ်ထားတယ်။ ပြည်သူ ၂၀ ခန့်ကိုလည်း ဖမ်းဆီးသွားတယ်။ အဲစစ်ခွေး စစ်ကြောင်းက ရွာထဲမှာ သတ်ဖြတ်ဖမ်းဆီးပြီး ချက်ချင်း ပြန်ဆုတ်သွားတယ်လို့သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
