ရန်ကုန်၊ မေ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဝင်းကံရွာနှင့်ကရဝေးဆိပ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ ဦးမောင်အုန်းကြည်၊ ဦးနိုင်လင်းဦး၊ ဦးပိုရိုး၊ ဖြူဝင်းတို့၏ နေအိမ် ၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဖားထာခို နှင့် ဦးခင်မောင်ဌေးတို့၏ နေအိမ် ၂ လုံးလည်း ဗုံးစထိမှန်ကာ ပျက်စီးကာ အသက် ၃၁ နှစ်အရွယ် စောဖိုးလင်းလင်းနှင့် အသက် ၁၈ နှစ်အရွယ် စောနေတိုး တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ်-၄၄ ခြေမြန်တပ်မဌာနချုပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအတွင်းနှင့် ကရဝေးဆိပ်ရွာ တောထန်းခြံများထဲကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကရဝေးဆိပ်ရွာ အလယ်စုတွင် နေထိုင်သော အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်အေး လက်နက်ကြီးကျည်စ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၂ ဦး ထိမှန် ဒဏ်ရာရပြီး နေအိမ် ၄ လုံး အသုံးအဆောင်ပစ္စည်းများ မီးလောင်ပျက်စီးပြီး နေအိမ် ၂ လုံး ဗုံးသီး ကျည်စထိမှန် ပျက်စီးပြီး တောထန်းပင်းများလည်း ထိမှန်ခဲ့ကြောင်း သိရသည်။
မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က Jet Fighter ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး၊ ပေါင် ၂၀၀ ဗုံး ၁ လုံး ကျဲချခဲ့ရာ ဦးစိန်မျက်ခုံးအိမ်သို့ ပေါင် ၅၀၀ ဗုံးတစ်လုံးကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်ပြိုကျ ပျက်စီး၍ ဦးစောမြထူးအိမ်ရှေ့ ပေါင် ၂၀၀ ဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲကာ နေအိမ် ပြိုကျပျက်စီးသည့်အပြင် ဦးမောင်နိုင်၊ ဒေါ်စန်း၊ ဒေါ်ခင်ချို၊ ကိုကြီးသာ၊ ကိုကိုဦး၊ ကျော်ဆန်းဦး၊ ကိုကြည်ဝင်း၊ ကိုစန်းလွင်၊ ဦးလှသိန်း၊ ဦးသိန်းတန်၊ ဦးခင်မောင်အေး တို့ ၏ နေအိမ်များ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ဦးမောင်နိုင်နှင့် အသက် ၁၃ နှစ်အရွယ် မောင်မြင့်မြတ်ထွေးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






















