31.4 C
Yangon

မြန်မာ-တရုတ်နယ်စပ်၊ မိုင်းပေါက်တွင် UWSA က မြေရှားသတ္တုတူးဖော်မှု ၈ ဆတိုးချဲ့ လုပ်ဆောင်လာ

Must read

ရန်ကုန်၊ ဇွန် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ်၊ မိုင်းပေါက်တွင် UWSA က မြေရှားသတ္တုတူးဖော်မှုများ ၈ ဆ တိုးချဲ့ လုပ် ဆောင်လာနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ယမန်နေ့ သတင်းထုတ်ပြန်သည်။

လက်ရှိ ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများအရ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်း ချုပ်ရာဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ် အနီး မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှုများမှာ ၂၀၂၅ ခုနစ်ကထက် ၈ ဆများပြားလာကြောင်း၊ ထိုသို့ မြင့်တက်လာမှုကြောင့် ဒေသတွင်းရေအရင်းအမြစ်ကို အန္တရာယ်ရှိ ညစ်ညမ်းစေနိုင်ဖွယ်ရှိနေကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

၂၀၁၅ ခုနစ်တွင် မိုင်းပေါက်ဒေသတွင် မြေရှားသတ္တုတွင်း ၃ ခုသာရှိခဲ့သော်လည်း ၂၀၂၅ ခုနစ်ဖေဖော်၀ါရီလ တွင် ဂြိုလ်တု ဓာတ်ပုံများအရ မြို့၏တောင်ဘက်ရှိ တောင်ကုန်းများ တစ်လျှောက်တွင် မြေရှားသတ္တုတွင်း ၂၆ ခုကျော်မှာ ပျံ့နှံ့လာကြောင်း၊ အဆိုပါသတ္တုတွင်းများထဲမှ ၃ ခုမှာ မြို့နှင့် ၃ ကီလိုမီတာ ၄ ကီလိုမီတာ ခန့် တာ၀ေးကြောင်း၊ မိုင်းပေါက် အနီးပတ်ဝန်းကျင်ရှိ သတ္တုတွင်းနေရာများ၏ ထူးခြားသောပုံစံဖြစ်သည့် အဝိုင်းပုံ ထုတ် လုပ်သည့် ကန် များ စီတန်းနေပုံမှာ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူး ဖော်ရေးလုပ်ငန်းများ၏ ပုံစံနှင့် အတိ အကျတူညီနေပြီး ထို နေရာများတွင် “in situ leaching” ခေါ် မြေအောက်မှ တိုက်ရိုက်ထုတ်ယူသည့် နည်းလမ်းကို အသုံးပြုကြောင်း၊ မိုင်းပေါက်အနီးရှိ နယ်ခံသတ္တုတွင်း လုပ်သားများက အွန်လိုင်းတွင် မျှဝေထားသော ဗီဒီယိုဖိုင် ကလည်း “in situ leaching” နည်းလမ်းကို အသုံးပြုနေကြောင်း ရှင်းလင်းစွာပြသနေကြောင်း သိရှိရသည်။

“In situ leaching” လုပ်ငန်းစဉ်သည် မြေရှားသတ္တုများကို ထုတ်ယူရန်အတွက် ဓာတုပစ္စည်းများကို ပိုက်များမှ တစ် ဆင့် တောင်ကုန်းများအတွင်းသို့ လောင်းထည့်ကြောင်း၊ ထို့နောက် ဓာတုအရည်ကို ကန်များထဲသို့ ပိုက်များဖြင့် ထည့်သွင်းပြီးနောက် မြေရှားသတ္တုများကို ထုတ်ယူရန်အတွက် ထပ်မံ၍ ဓာတုပစ္စည်းများ ထပ်ပေါင်းထည့်ကြောင်း၊ ထိုကဲ့သို့သတ္တုတူးဖော်မှုသည် သဘာ၀ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး မြေပေါ်၊ မြေအောက်ရေအရင်း အမြစ်များကို ညစ်ညမ်းစေကာ သတ္တုတွင်းများ အောက်ဘက်တွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ ကျန်းမာ ရေးနှင့် အသက်မွေးဝမ်းကျောင်းမှု များကို ခြိမ်းခြောက်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထောက်ပြထားသည်။

၂၀၂၂ ခုနစ်နောက်ပိုင်းတွင် စတင်ခဲ့သော မြေရှားသတ္တုတွင်းများထဲမှ ၁ ခုမှာ မိုင်းပေါက်မြို့၏ တောင်ဘက် သုံးကီလိုမီတာအကွာ၊ လယ်ယာမြေများကိုဖြတ်သန်းကာ မြို့တစ်လျှောက် မြောက်ဘက်သို့ စီးဆင်းနေသော ဖိုင် ချောင်းဘေးတွင် တည်ရှိကြောင်း၊ ဤချောင်းနှင့် အနီးအနားရှိ မြေအောက်ရေများ ညစ်ညမ်းသွားနိုင်ဖွယ်ရှိပြီး ထောင်ပေါင်းများစွာသော မြို့နေလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က သတိပေးသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မိုးကြီးခဲ့စဉ်က မိုင်းပေါက်မြို့ လယ်တစ် ခုလုံးမှာ ပတ်ဝန်းကျင်တောင်တန်းများမှ တောင်ကျရေများ စီးဆင်း လာမှုကြောင့် မကြုံစဖူးရေကြီးမှုဒဏ်ကို ခံစားခဲ့ရ ကြောင်း၊ ၃ ပေခန့်အထိ လွမ်းမိုးခဲ့သောရေများမှာ အနီးရှိ မြေရှားသတ္တုတွင်းများမှအဆိပ်အတောက်များဖြင့် ညစ် ညမ်းနေဖွယ်ရှိပြီး သုံးရက်အကြာမှသာ ရေများကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

မိုင်းပေါက်ဒေသရှိ သတ္တုတွင်းများသည် အရှေ့ပိုင်းရှမ်းပြည်၏ အဓိကမြစ်ဝှမ်းနှစ်ခုဖြစ်သည့် သံလွင်မြစ်နှင့် မဲခေါင် မြစ်ဝှမ်းတို့အကြားတွင် တည်ရှိကြောင်း၊ သတ္တုတွင်းများမှ ရေများသည် အနောက်ဘက်သို့ စီးဆင်းပြီး ရှမ်းပြည်နယ် ရှိ သံလွင်မြစ်နှင့် ဆက်သွယ်သော ခါမြစ်ထဲသို့ စီးဝင်ခြင်း သို့မဟုတ် အရှေ့ဘက်သို့ စီးဆင်းပြီး ရှမ်းပြည်-လာအိုနယ် စပ်တွင်မဲခေါင်မြစ်ထဲသို့ ဝင်ရောက်သော လွေမြစ်ထဲသို့ စီးဝင်ပါသည်. ထို့ကြောင့် သတ္တုတွင်းများမှလာသော ညစ် ညမ်းရေ များ သည် တရုတ်နိုင်ငံကို ထိခိုက်မှုမရှိကြောင်း သိရှီရသည်။

မိုင်းပေါက်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများထဲမှ တစ်ခုမျှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ စစ်ကောင်စီ က ထုတ်ပြန်ခဲ့သော တရားဝင်သတ္တုတူးဖော်ခွင့်ပြုစာရင်း တွင်ပါဝင် ခြင်းမရှိကြောင်း၊ ထို့ကြောင့် UWSA နှင့် တရုတ်နိုင်ငံအကြား ဒေသတွင်း သဘောတူညီချက်ဖြင့် တရုတ်ကျော ထောက်နောက်ခံပြုသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီများက စစ်ကောင်စီပါဝင်ခြင်းမရှိဘဲ မြေရှားသတ္တုများကို တူးဖော်ပြီး တရုတ်နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ခွင့်ပြုထားသည်မှာ ရှင်းလင်းကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။

သို့ရာတွင် တူးဖော်ရရှိသည့် သတ္တုများကို စစ်ကောင်စီထိန်းချုပ်ထားသော စစ် ဆေး ရေး ဂိတ်များမှတစ်ဆင့် ဖြတ်သန်းပြီးမှသာ တင်ပို့ခွင့်ရရှိကြောင်း၊ မိုင်းဆတ်တောင်ပိုင်း မိုင်းယွမ်းရှိ ခုတ်မြစ်အနီးမှ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းမှာ စစ်ကောင်စီ၏ ခွင့်ပြုချက်နှင့် ပါဝင်ပတ်သက်မှုဖြင့် လုပ်ဆောင်နေခြင်းမှာ သေချာကြောင်း သိရှိရသည်။

မိုင်းပေါက်သည် UWSA ၏ မြောက်ပိုင်းနယ်မြေရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး UWSA မြို့တော် ပန်ဆန်း၏ အရှေ့ တောင် ဘက် ၂၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိကြောင်း၊ ယခင်က လားဟူနှင့် ရှမ်းလူမျိုးများ အဓိကနေထိုင် သော စိုက်ပျိုးရေးကုန်သွယ်ရေးရွာငယ်လေးဖြစ်ခဲ့သော်လည်း လွန်ခဲ့သောဆယ်နှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံ မှု ကြောင့် အထပ်မြင့်အဆောက်အအုံများစွာရှိသည့် မြို့ပြဧရိယာ “အထူးဖွံ့ဖြိုးရေးဇုန်” အဖြစ် လုံးဝပြောင်းလဲသွားခဲ့ကြောင်း သိရှိရသည်။

SHRF အစီရင်ခံစာ ၏”Trapped in Hell” အရ မိုင်းပေါက်သည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံက ရှမ်း-တရုတ်နယ်စပ်တစ်လျှောက် ငွေလိမ်ဂိုဏ်းလုပ်ငန်းများကို နှိမ်နင်းခြင်းမပြုမီ UWSA နယ် မြေရှိ အဓိကဆိုက်ဘာငွေလိမ်လုပ်ငန်းဗဟိုချက်များထဲမှ ၁ ခုဖြစ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – UWSA တပ်ဖွဲ့ဝင်များ။ Photo- AFP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

UWSA တပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article