26.2 C
Yangon

စစ်တပ်အတွင်း ဒုဗိုလ်ချုပ်ကြီးတချို့ကို အရန်အင်အားပို့ပြီး ဗိုလ်ချုပ်များကို ရာထူးတိုးအပြောင်းအလဲများ ပြုလုပ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

အကြမ်းဖက်စစ်တပ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီးတချို့ကို အရန်အင်အားပို့ဆောင်ပြီး ဗိုလ်ချုပ်များကို ရာထူးတိုးအပြောင်း အလဲများ ပြုလုပ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နေပြည်တော်တွင် အကြမ်းဖက်စစ်တပ်က စစ်ဗိုလ်ချုပ်များကို ရာထူးတိုး အပြောင်း အလဲများ လုပ်ခြင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးတချို့ကို အရန်အင်အားသို့ ပြောင်းရွှေ့ခြင်းများ လုပ်ဆောင်ခဲ့​ကြောင်း သိရှိရသည်။

အမှတ် ၁ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး (စစ်တက္ကသိုလ်အပတ်စဉ် ၃၈ ) ကို အမှတ် ၅ ကစထမှူး အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း၊ အမှတ် ၂ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး( စစ်တက္ကသိုလ်အပတ်စဉ် ၃၅ ) ကိုမူ စစ်တပ်၏ အရန်အင်အားသို့ ပြောင်းရွှေ့ပြီး ရာထူးတာဝန်မှ အနားပေးထားကြောင်း သိရှိရသည်။

အလားတူ အမှတ် ၃ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် (အလုပ်သင်ဗိုလ်အပတ်စဉ် ၇၃)ကိုလည်း စစ်တပ်၏ အရန်အင်အားသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း စစ်ရေး အခြေအနေများကို ကိုင်တွယ်ရသော အမှတ် ၄ ကစထမှူး ညွန့်ဝင်းဆွေ (စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ) ကိုမူ မူလရာထူးတွင်ပင် ဆက်လက်ခန့်ထားပြီး အမှတ် ၅ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းလတ် (စစ်တက္ကသိုလ် အပတ်စဉ် ၃၇) ကို အမှတ် ၂ ကစထမှူး အဖြစ်လည်းကောင်း၊ အမှတ် ၆ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် (စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ) ကို အမှတ် ၁ ကစထမှူး အဖြစ်လည်းကောင်း ပြောင်းရွှေ့ ခန့်အပ်ကြောင်း သိရှိရသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း( တေဇ အပတ်စဉ် ၂၃ ) ကို ဒုတိယဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ပြီး စစ်ဆေးရေးအရာရှိချုပ်အဖြစ်လည်းကောင်း ရာထူးတိုးမြှင့်ပေးလိုက်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကိုထိုက်(စစ်တက္ကသိုလ် အပတ်စဉ် ၃၈) ကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးပြီး လေ့ကျင့်ရေးအရာရှိချုပ်အဖြစ်လည်းကောင်း ခန့်အပ်ထားသည်။

စစ်တပ်၏ လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း (စစ်တက္ကသိုလ်အပတ်စဉ် ၃၈) ကို စစ်ရာထူးခန့်ချုပ် အဖြစ် ပြောင်းလဲခန့်အပ်ထားသည်။

မင်းအောင်လှိုင်၏ လူယုံ ကိုယ်ရေးအရာရှိ စစ်ဘက်လက်ထောက်အရာရှိ ဗိုလ်ချုပ်မိုးမြင့်ဆွေ(တေဇ ၂၃ ) ကို ကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေးအရာရှိချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးကြောင်း သိရှိရသည်။

ကချင်ပြည်နယ်တွင် တာဝန်ကျနေသော စကခ ၂၁ မှ ဗိုလ်မှူးချုပ် တင်မင်းလတ်(စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ) ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အဖြစ် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ပေးလိုက်သည်။ တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကိုလည်း အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်လိုက်သည်။

အထူးတာဝန် ဗိုလ်မှူးချုပ် စိန်မောင်လင်း (တေဇ ၂၈ )မှာ စစ်ဘက်လက်ထောက်ချုပ် ရာထူးတိုးပေးလိုက်ပြီး တမခ ၁၀၁ ဒုတိယ တပ်မမှူးမှာ စကခ ၂၁ ၏ တာဝန်ခံ စကခမှူး ဖြစ်လာသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက် (စစ်တက္ကသိုလ် ၃၉ ) မှာ စစ်ရေးချုပ်ဖြစ်လာပြီး နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း (စစ်တက္ကသိုလ်အပတ်စဉ် ၃၉ ) မှာ အမှတ် ၃ ကစထမှူး ဖြစ်လာသည်။

“နေပြည်တော် စစ်ရုံးချုပ် မှာတော့ DSA စစ်တက္ကသိုလ်ကျောင်းဆင်း ဒေါ်စိန်အေး နဲ့ အလုပ်သင်ဗိုလ် တို့ အုပ်စုလိုက် အပြောင်းအရွေ့ လုပ်နေတာ တွေ့ရပါတယ်။ မနေ့က စစ်ရာထူးခန့်ချုပ်ရုံး ကနေ စစ်ဘက်ရာထူးတိုး တွေ အပြောင်း အရွှေ့တွေ အမိန့်ထုတ်ပြန်ပါတယ် ။ ဗန်းမော်စစ်မျက်နှာမှာ အစွမ်းပြနိုင်ခဲ့တဲ့ တပ်မမှူး နှစ်ယောက်ကတော့ တိုင်းမှူးတွေ ဖြစ်သွားကြပါတယ် ။ ကစထ ၁ မှူး ကိုကိုဦး (စတသ ၃၈ ) ကတော့ ကစထ ၅ မှူး ဖြစ်သွားတာကို တွေ့ရပါတယ် ။ ဒုချုပ် လို့ ရေပန်းစားနေသူ တစ်ယောက် မျှော်လင့်သလို ဖြစ်မလာတာကို တွေ့ရပါတယ် ။ ဒါကြောင့်စစ်တပ်ရဲ့ စတုတ္ထမျိုးဆက် မှာ မာကျောပြတ်သားတဲ့ အလုပ်သင်ဗိုလ် တွေ နေရာ အများအပြား ယူထားတာကို တွေ့ရပါတယ် ။ မာကျောပြတ်သားတာဆိုရင် မျက်စေ့ထဲ မြင်အောင်ပြောရရင် ဝက်ဘီလူး မျိုးမင်းထွေး လို လက်နက်ချ တဲ့ ဒီဇိုင်းကာလာတွေ ဖြစ်လာတာမို့ ကျွန်တော် တို့ တကယ်တိုက်မယ် ဆိုရင် တကယ် လက်နက်ချ မယ့် မျိုးဆက်ဖြစ်ကြောင်း ပဏာမ သတင်းကောင်းပါးလိုက်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကမူ အရန်အင်အား ပို့ခံရသော ဒုတိယဗိုလ်ချုပ်ကြီး ၂ ဦးမှာ ရာထူးကျသွားခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနေရာအတွက် ချန်ရစ်ထားပေးသည့် သဘောဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

“အရင်တုန်းကတော့ စစ်တပ်မှာ အရန်အင်အားပို့ရင် ချောင်ထိုးတာပေါ့။ အခုကတော့ အရန်အင်အားပို့တာက အစိုးရဝန်ကြီး ရာထူးတွေဖြစ်တဲ့ ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးနေရာတွေအတွက် အရန်ထားတာလို့ ယူဆလို့ရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article